October 30, 2024

YDF တပ်ဖွဲ့ဝင်များကို တွေ့ရစဥ် (Photo- Yaw Defence Force)

၁၁. ၁၀. ၂၀၂၂

Written by Nay Moe

Yaw Defense Force (YDF) ၏ ဒုတိယစစ်ဦးစီးချုပ် ဖြိုးဝေစိုး (၂၁-နှစ်) သည် ၂၀၂၂ ခုနှစ်အောက်တိုဘာ ၉ ရက်၊ သီတင်းကျွတ် လပြည့်နေ့ နေ့လယ် ၂ နာရီခန့်အချိန်တွင် SAC ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်ရင်ဆိုင်မိရာမှ တိုက်ပွဲကျမှုအပေါ်  ဝမ်းနည်းကြောင်း AA အာလဖာ (၃) စစ်ဒေသက အောက်တိုဘာ ၁၁ ရက်တွင် သဝဏ်လွှာပေးပို့ခဲ့သည်။

ဖြိုးဝေစိုးသည် YDF ကို စတင်တည်ထောင်ခဲ့ကြသည့် ထိပ်ပိုင်းခေါင်းဆောင်များအထဲမှ တစ်ဦးဖြစ်သည့်အပြင် အရည်အချင်းပြည့်ဝပြီး ပေးဆပ်စွန့်လွှတ်အနစ်နာခံကာ ရှေ့ဆုံးမှ ဦးဆောင်တိုက်ပွဲဝင်ခဲ့သော နွေဦး တော်လှန်ရေးထဲမှ ပေါက်ဖွားလာသည့် ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။ တိုက်ပွဲအချို့ကို ဦးဆောင် တိုက်ပွဲဝင်နိုင်ခဲ့ပြီး တိုက်ရည်ခိုက်ရည်ကောင်းသော မှတ်တမ်းများ ရရှိထားခဲ့သည်။ ရဲဘော်ရဲဘက်များ၏ ချစ်ခင်လေးစား တန်ဖိုးထားမှုကို ခံခဲ့ရသူတစ်ဦးဖြစ်သည့်အပြင် သူ့ရဲဘော်ရဲဘက်များအတွက် စံနမူနာယူထိုက်သော စံပြ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ခဲ့သည်ဟု ဆိုသည်။

ယင်းအပြင် သူ၏နေထိုင်ရာအရပ်ဒေသများ၌ စာသင်ကျောင်းများဖွင့်လှစ်ခြင်း၊ စစ်ကောင်စီ ပိတ်ထားသည့် စာသင်ကျောင်းများအား ကိုယ်တိုင်ဦးဆောင်၍ ပြန်လည်ဖွင့်လှစ်ပေးခြင်းများအပါအဝင် ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်ခဲ့သည်များကို တွေ့ရသောကြောင့် ပြည်သူလူထုအတွက် ပေးဆပ်အနစ်နာခံလိုစိတ်အပြည့်အဝရှိသော ခေါင်းဆောင်ကောင်းတစ်ဦးအဖြစ် သတ်မှတ် ခံရသူတစ်ဦးလည်းဖြစ်သည်ဟု AA က ဖော်ပြသည်။

ဤကဲ့သို့ တော်လှန်ရေးရည်မှန်းချက်ပန်းတိုင်သို့ မရောက်မီလမ်းခုလပ်၌ ဒု-စစ်ဦးစီးချုပ်ဖြိုးဝေစိုးအား ဆုံးရှုံးလိုက်ရခြင်းသည် YDF အတွက် တန်ဖိုးကြီးမားလှသော အစားထိုးမရသည့် ဆုံးရှုံးမှုကြီးတစ်ရပ်ပင် ဖြစ်ပါသည်။ YDF နှင့် မိမိတို့အကြား မိတ်ဖက်ဆက်ဆံရေးကိုတည်ဆောက်ရာတွင် အခရာကျသူတစ်ဦးဖြစ်ခဲ့ပြီး အရေးကြီးသော ကိစ္စရပ်များကိုဆောင်ရွက်ရာတွင်လည်း တာဝန်ကျေပွန်ခဲ့သူတစ်ဦးဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၉ ရက်၊ သီတင်းကျွတ်လပြည့်နေ့ မွန်းလွဲ ၁ နာရီ ၄၇ မိနစ်ခန့်တွင် YDF ဒုစစ်ဦးစီးချုပ်ကိုဖြိုး ၊ YDF တပ်ရင်း ၃ မှ ရဲဘော်ပွားလေးနှင့် တပ်ရင်း ၄ မှ ရဲဘော် နိုင်သိန်းတို့သည် ဂန့်ဂေါမြို့နယ် ကျွန်းခုံသာရွာအနီးတွင် ကန်ရွာရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၈ ဦးနှင့် ထိပ်တိုက်တွေ့ဆုံပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲတွင် YDF ဒုစစ်ဦးစီးချုပ် ကိုဖြိုးသည် ဘယ်ဘက်ရင်အုံနှင့် ဘယ်ဘက်ပေါင် ထိမှန်ပြီး တိုက်ပွဲကျခဲ့သလို ရဲဘော်ပွားလေးသည် ခေါင်းထိမှန်၍ တိုက်ပွဲကျကာ ရဲဘော်နိုင်သိန်း ဘက်လက်မောင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့အတူ YDF ဒုဦးစီးချုပ်ကိုဖြိုး၏ ပြန်လည်ပစ်ခတ်မှုကြောင့် တောင်ခင်ရမ်းရွာဇာတိ ရဲတပ်သား သားကြီးဆိုသူမှာ ပေါင်ရိုးများ ဖွာလန်ကြဲအောင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၊ ရဲတပ်ကြပ် ရဲမင်းအောင်သည် ပစ်ခတ်ခံရစဉ် ရရှိသောဒဏ်ရာဖြင့် ည ၈ နာရီခန့်တွင် အသက်ဆုံးရှုံးခဲ့သည်ဟု YDF က ပြောသည်။ အဆိုပါ တိုက်ပွဲတွင် YDF ဒုစစ်ဦးစီးချုပ်နှင့် ရဲဘော်တစ်ဦး တိုက်ပွဲကျခဲ့သည့်အပြင် သေနတ်အတိုတစ်လက်နှင့် ဆိုင်ကယ်တစ်စီး ဆုံးရှုံးခဲ့ရကြောင်း YDF ဗဟိုကော်မတီ သတင်းပြန်ကြားရေးဌာနချုပ်က ညှိုးငယ်စွာဖြင့် သတင်းအတည်ပြုထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *