၅. ၄. ၂၀၂၃
Written by Nay Moe
နိုင်ငံ့ဝန်ထမ်းများ၊ ရပ်ကျေးများနှင့် သံဃာတော်များအပါအဝင် အပြစ်မဲ့ပြည်သူ ၆၀၀၀ ခန့်ကို “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်လုပ်ဆောင်ပေးနေသည်စွပ်စွဲကာ ချောင်းမြောင်းသ-တ်ဖြတ်မှုများပြုလုပ်နေသဖြင့် အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ခံထားရသည့် PDF များကို ထောက်ပံ့မှုပြုသူအမျိုးသမီးသုံးဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းစီ ပြစ်ဒဏ်ချမှတ်လိုက်သည်ဟု သိရသည်။
အဆိုပါဖြစ်စဥ်မှာ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့တွင် CDM ဆရာမအပါအဝင် အမျိုးသမီးသုံးဦးအား ဧပြီလ ၃ ရက်နေ့က အင်းတော် စစ်ခုံရုံးမှ ပုဒ်မ ၅၀ (ည)၊ ၅၂ (က)ဖြင့် အမှုဖွင့် အရေးယူကာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ခြင်းဖြစ်ကြောင်း Indaw Revolution က ထုတ်ပြန်သည်။
ထောင်ဒဏ်တစ်သက်ချမှတ်ခံရသူများမှာ အသက် ၄၀ ကျော်အရွယ် CDM ဆရာမ ဒေါ်သိန်းလှ၊ အရောင်းအဝယ်လုပ်သည့် ဈေးသည် ဒေါ်ခင်ပြည့်ပြည့်ထွန်းနှင့် ဒေါ်အေးအေးတို့ဖြစ်ပြီး ယခုနှစ် မတ်လ ၅ ရက်နေ့တွင် PDF များအား ထောက်ပံ့သည်ဟုဆိုကာ နေအိမ်များတွင် ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် စစ်ဆေးပေါ်ပေါက်သဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းစီချမှတ်လိုက်ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် PDF များအား ထောက်ပံ့မှုဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းပြစ်ဒဏ်များချမှတ်ခံရသူ တရားခံသုံးဦးမှာ ကသာထောင်တွင် ပြစ်ဒဏ်ကျခံနေရသည်ဟုလည်း သိရသည်။