၅. ၄. ၂၀၂၃
Written by Peya
ယခုနှစ်တွင် ပထမဆုံးလုပ်မည့် နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို ထူးထူးခြားခြားလုပ်မည်ဖြစ်ပြီး အလျား ပေ ၂ ထောင်ကျော်အရှည် ပမာဏအတွင်း သနပ်ခါးသင်္ကြန်ဇုန်၊ တိုင်းရင်းသားသင်္ကြန်ဇုန် စသည်ဖြင့် ဇုန်လေးခုခွဲကာ ပြုလုပ်ရန် စီစဉ်ထားကြောင်း အဆိုပါ လမ်းလျှောက်သင်္ကြန်နှင့် ပတ်သက်၍ စီစဉ်နေသည့် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို မြို့တော်ဝန် မဏ္ဍပ်မှ နေပြည်တော် ပျဉ်းမနား တောင်ညိုလမ်းမအတိုင်း နေပြည်တော် မီးပွိုင့်အနီးအထိ စီစဥ်ထားခြင်း ဖြစ်ကာ အလျားမှာ ပေ ၂၁၀၀ ခန့် ရှိပြီး ဇုန်လေးဇုန်နှင့် ဖျော်ဖြေရေးမဏ္ဍပ်တစ်ခု ပါဝင်ကြောင်း အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။
“ပထမဦးဆုံး ဇုန်ကတော့ သနပ်ခါးသင်္ကြန်ဇုန်ဆိုပြီး လုပ်ထားပါတယ်။ အဲဒီမှာ သနပ်ခါးလိမ်းခြယ်ထားတဲ့ လှပျိုဖြူလေးတွေက ရေကစားတာ။ လာပြီးတော့ လမ်းလျှောက်သင်္ကြန်ကို ပါဝင်ဆင်နွှဲတဲ့ ပြည်သူတွေ အနေနဲ့ သင်္ကြန်လို ရေပက်ကစားတာနဲ့ ပြီးဆုံးသွားတာ မဟုတ်ဘဲနဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့ ရောယှက် ဆောင်ရွက်ထားပါတယ်။ သနပ်ခါးလိမ်းခြယ်တာ၊ တစ်ယောက်နဲ့ တစ်ယောက် သနပ်ခါးလေးတွေ အလှလိမ်းခြယ်ပေးတာ၊ နံ့သာရေလေးနဲ့ ရေပက်ကစားတာ ဒါမျိုးလေးတွေ ဆောင်ရွက်လို့ ရအောင် စီစဉ်ထားပါတယ်။ ဇုန် ၂ ကိုတော့ တိုင်းရင်းသားသင်္ကြန်ဇုန် ဆိုပြီးတော့ တိုင်းရင်းသား မောင်မယ်တွေက ရေကစားတာကို စီစဉ်ထားပါတယ်။ ဒီမှာတော့ တိုင်းရင်းသားမောင်မယ်တွေက ရေကစားတာလုပ်မယ်။ ခဏနားရင် တိုင်းရင်းသား အကလေးတွေနဲ့ ဖျော်ဖြေမယ်။ ပြီးရင် ရေပြန်ကစားမယ်။ တိုင်းရင်းသား အကလေးတွေ ပြန်ကကြမယ်။ ဒါမျိုးလေးတွေ လုပ်ထားတယ်။ ဝန်ကြီးဌာနတွေကိုလည်း ဖိတ်ခေါ်ထားပါတယ်။ ဝန်ကြီးဌာနတွေကလည်း လာပါ။ နေပြည်တော် လမ်းလျှောက်သင်္ကြန်မှာ ကိုယ့်ဝန်ထမ်းတွေ ပျော်ပါးနိုင်ဖို့နေရာတွေ သတ်မှတ်ပေးထားပါတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ လမ်းလျှောက်သင်္ကြန် ဇုန်လေးခု၏ အလယ်တွင် ဖျော်ဖြေရေးမဏ္ဍပ်တစ်ခုရှိမည်ဖြစ်ကာ အဆိုပါ မဏ္ဍပ်အတွက် ပြင်ပမှ အနုပညာရှင်များကို ငှားရမ်းထားပြီး ဝန်ကြီးဌာနယိမ်းများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အနုပညာရှင်များလည်း ဖျော်ဖြေမည်ဖြစ်ကာ ဇုန်သုံးကို Dry Zone အဖြစ် ပြင်ဆင်ထားပြီး ဘင်ခရာဖြင့် ဖျော်ဖြေခြင်းနှင့်အတူ အဆိုပါ ဇုန်တွင် သင်္ကြန်လည်သူများ အနေဖြင့် လူစုဖွဲ့ခြင်း၊ မိတ်ကပ်လိမ်းခြယ်ခြင်း စသည်တို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ကာ ရေနတ်သမီးရုပ်တုဖြင့် မော်ဒယ်မင်းသမီးတစ်ဦး အပါအဝင် ခေတ်အဆက်ဆက်သင်္ကြန်လည်ခဲ့သည့် ပုံစံများ၊ မြန်မာ့ယဉ်ကျေးမှုများဖြင့် လမ်းလျှောက်သင်္ကြန်တွင် စီတန်းလှည့်လည်သည့် အစီအစဉ်အတွက်လည်း ပြင်ဆင်ထားကြောင်း သိရသည်။
“ဇုန်လေးကိုတော့ လူငယ်သင်္ကြန်ဇုန်ဆိုပြီး သတ်မှတ်ထားတယ်။ လူငယ်တွေ၊ လူလတ်ပိုင်းတွေ၊ ကလေးတွေ ပျော်ဖို့ အဓိကထားတာပါ။ လေမှုတ် ရေလွှာလျှောစီးက လူငယ်တွေ အတွက်ရော၊ လူကြီးတွေအတွက်ရော၊ ကလေးတွေအတွက်ရော အသေးအကြီး ခွဲပြီး စီစဉ်ထားပါတယ်။ အလားတူပဲ ကာနီဗယ် ဂိမ်းလေးတွေပေါ့နော်။ မျှားပစ်တာတို့၊ ဘောလုံးဖောက်တာတို့၊ နိုဆီဘူးပစ်တာတို့ ဆော့လို့ ရတာပေါ့နော်။ လက်ဆောင်လေးတွေ ပြန်ပေးတာ။ ဒါမျိုး ၁၀ ခုကိုလည်း စီစဉ်ထားပါတယ်။ နောက်တစ်ခုကတော့ ကာလာပါတီလို့ ခေါ်တဲ့ ရောင်စုံအမှုန့်လေးတွေနဲ့ ဆော့လို့ရမယ်။ အဲဒီမှာမှ ဒီဂျေပါတီကို ရောင်စုံပါတီနဲ့ ထည့်ထားတာ ရှိပါတယ်။ လူငယ်တွေ ပျော်ပျော်ပါးပါးကစားလို့ ရအောင် လုပ်ထားတာပါ။ နောက်တစ်ခါ ကလေးတွေအတွက် နိုင်ငံတကာမှာ သွားရင် ရေမြုပ်တွေကို စက်နဲ့မှုတ်ထုတ်ပြီးကလေးတွေက ပျော်ပျော်ရွှင်ရွှင် ကစားလို့ ရအောင် လုပ်တာပါ။ အဲ့ဒါကိုလည်း ပြင်ဆင်ထားပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။