၅. ၄. ၂၀၂၃
Written By Thandar
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ကျင်းပတဲ့ပွဲတိုင်းကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့ မွန်မြတ်စိတ်ထားတွယ်ရာမဲ့ဘိုးဘွားရိပ်သာအဖွဲ့ကို အစည်းအရုံးက အလှူငွေ ကျပ် ၂ သိန်း လှူဒါန်းမှုကို ဒီနေ့ ဧပြီ ၅ ရက် နံနက်ပိုင်းက လှူဒါန်းခဲ့ပါတယ်။
“မွန်မြတ်စိတ်ထားက ရုပ်ရှင်အစည်းအရုံးရဲ့ သာရေး နာရေးပွဲတွေ မှန်သမျှ ပိုးသတ်ဆေးတွေ ဖြန်းပေးတယ်။ ခန္ဓာကိုယ် အပူချိန်တိုင်းပေးတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လုပ်ပေးတယ်။ ကိုဗစ်ကာလ မတိုင်ခင်ထဲက တောက်လျှောက်ကူညီပေးခဲ့တယ်။ ငွေကြောင့်လည်း မဟုတ်ပါဘူး။ မြောက်ဥက္ကလာကနေ ဒီကိုလာရတဲ့ခရီးစရိတ်လည်းရှိတယ်။ ကိုယ်တွေဘက်က ပြန်မလှူပေးနိုင်တာလည်းရှိပါတယ်။ ဒီလို ဆန် ၊ ဆီ ဝေတဲ့အခါတိုင်းမှာ အစည်းအရုံးကပြန်ပြီး ဘိုးဘွားတွေကို အစားအသောက်ပိုင်းအတွက် ပြန်လှူဖြစ်တာပါ။ လက်ရှိ ရုပ်ရှင်အစည်းအရုံးကလည်း စီးပွားရေးကြပ်တော့ ဝင်ငွေလျော့သွားတော့ အရင် ၃ သိန်းလှူပေမယ့် အခုက ၂ သိန်းပဲ လှူဖြစ်တာပါ”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက MT News ကို ပြောပါတယ်။
ဒါ့အပြင် ဒီနေ့ ဧပြီလ ၅ ရက်နေ့မှာလည်း စက်မှုအခြေခံအဖွဲ့ဝင်တွေကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဆန်၊ ဆီ၊ ကုလားပဲတွေကို ထောက်ပံပေးအပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ၁၂ ကြိမ်မြောက် ဆန်၊ ဆီ ထောက်ပံ့လှူဒါန်းမူကို ဧပြီ ၆ ရက်နေ့မှာလည်း ဇာတ်ပို့ဇာတ်ရံအခြေခံအဖွဲ့ဝင်တွေကို ဆက်လက်ပေးအပ်လှူဒါန်းသွားမှ ာဖြစ်ပါတယ်။
“ဆန်၊ ဆီတွေ အစည်းအရုံးက ထုတ်ဝေပေးရင်တော့ အမျိုးသားအလုပ်သွားလို့မရှိချိန်မှာ ကိုယ်ပဲ လာထုတ်ဖြစ်ပါတယ်။ ဒီခေတ် ဒီကာလ အဆင်မပြေချိန်မှာ အခုလိုထုတ်ဝေပေးတော့ အခက်အခဲတွေကြားကပဲ အခုလို လှူတော့ဝမ်းသာရတာပေါ့။ အခုချိန် ခဲရာခဲဆစ် လုပ်ကိုင်စားသောက်ရလို့ အဆင်လေးပြေသွားတော့ ပျော်တာပေါ့။ အစည်းအရုံးက ကိုယ့်လောကသားတွေကို အဆင်ပြေအောင် ကြိုးစားပြီးလှူပေးတာပဲ အရမ်းကျေးဇူးတင်တယ်”လို့ ကိုစိုးဂျာရဲ့ ဇနီးဖြစ်သူ (စက်မှုအခြေခံအဖွဲ့ဝင်)က MT News ကို ပြောပါတယ်။