၅. ၄. ၂၀၂၃
Written by Peya
တစ်နိုင်ငံလုံး ဓာတ်အားပြတ်တောက်ခဲ့ရသည့် သာယာကုန်းပင်မဓာတ်အားခွဲရုံကို Drone အသုံးပြု၍ ဗုံး ၁၀ လုံးခန့် ပစ်ချတိုက်ခိုက်ခံခဲ့ရသည့် ဖြစ်စဉ်တွင် လျှပ်စစ် ဝန်ထမ်း ၃ ဦး ဒဏ်ရာရရှိကြောင်း MT News သတင်းဌာနက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းအချို့ကို ဆက်သွယ်မေးမြန်း အတည်ပြုထားချက်များအရ ကနဦး သတင်းရရှိသည်။
အဆိုပါ ဖြစ်စဉ်မှာ မတ်လ ၄ ရက် ည ၉ နာရီ ၂၁ မိနစ်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်ရှိ သာယာကုန်း ပင်မဓာတ်အားခွဲရုံအား အကြမ်းဖက်သောင်းကျန်းသူများမှ Drone ဖြင့် ဗုံး(၁၀)လုံးခန့် ပစ်ချဖေါက်ခွဲတိုက်ခိုက်မှုကြောင့် ဓာတ်အားခွဲရုံအတွင်းရှိ ဗို့အားမြင့်လျှပ်စစ်ပစ္စည်းများ ချို့ယွင်းပျက်စီးလျှက် ဓာတ်အားစနစ် တစ်ခုလုံး ဓာတ်အားပြတ်တောက်မှု (System Breakdown) ဖြစ်ပေါ်ခဲ့ပြီး တစ်နိုင်ငံလုံး ဓာတ်အားပြတ်သည့်အပြင် ဓာတ်အားခွဲရုံမှ ဝန်ထမ်းများပါ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အခင်းဖြစ်ညပိုင်းတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက သတင်းထုတ်ပြန်ထားသည်။
“သုံးယောက်ထိတယ်လို့ သိရပါတယ်။ အမျိုးသား နှစ်ယောက် အမျိုးသမီး တစ်ယောက်ပါ။ မိုင်းစ ထိမှန် ဒဏ်ရာမျိုးလို့ သိရတယ်။ နောက်ဆုံး ကျွန်တော် သိရသလောက် အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ အကြမ်းဖျင်း သိထားတယ်။ ဓာတ်အားပေးရုံက ပစ္စည်းတချို့ ပျက်စီးတယ်။ တစ်နိုင်ငံလုံး မီးပြတ်တဲ့ အနေအထားအထိ ပျက်စီးတာမျိုးလေ။ တွက်ကြည့်ပေါ့” ဟု ဝန်ထမ်း တစ်ဦးက ဆိုသည်။
ထိုသို့ ဖြစ်ပွားခဲ့သည့်အတွက် သာယာကုန်းဓာတ်အားခွဲရုံ ချို့ယွင်းမှုကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အလယ်ပိုင်းမှ ဓာတ်အားများ ရန်ကုန်နှင့် မြန်မာနိုင်ငံတောင်ပိုင်းသို့ အပြည့်အဝပို့လွှတ်နိုင်မှုမရှိခဲ့ပဲ ဝန်အားထိန်းညှိပြီး ဓာတ်အားဖြန့်ဖြူးမှုများ ဆောင်ရွက်ရန် စီစဉ်ခဲ့ရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဒဏ်ရာရသည့် အခြေအနေနှင့် လက်ရှိဆောင်ရွက်ထားသည့် အခြေအနေ သတင်းအတိအကျကို သိရှိနိုင်ရန်အတွက် လျှပ်စစ် စွမ်းအားဝန်ကြီးဌာန တာဝန်ရှိသူထံ MT News သတင်းဌာနက နံနက်ပိုင်း ၁၀ နာရီခွဲကျော်အချိန်တွင် ဆက်သွယ်မေးမြန်းခဲ့ရာ တယ်လီဖုန်း ပြန်ဆက်ပေးမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အားပေးခြင်းနှင့် ပတ်သက်သည့် ပစ္စည်းများ ဖောက်ခွဲဖျက်စီးခံရမှု မကြားခဏ ဖြစ်ပွားခဲ့သဖြင့် အကြိမ်ကြိမ် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရကာ ထိုသို့ ပြုလုပ်စဉ် နှောက်ယှဉ်တိုက်ခိုက်မှုများ ရှိခဲ့သဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းများအနက် အသက်ပေးဆပ်ခဲ့သူ ၁၉ ဦးနှင့် နှင့် ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့သည်။