၅. ၄. ၂၀၂၃
Written by Hey Mar
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ပါလျှံ (၂) ရပ်ကွက် ရပ်ကွက်ရုံးအနီး ယနေ့ ဧပြီလ ၅ ရက် နံနက် ၁ နာရီဝန်းကျင်ခန့်က ဓားဖြင့်ထိုးကာ ဆိုင်ကယ်လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း တာချီလိတ်အခြေစိုက် ဦးလှမိုး လူမှုကူညီရေးအသင်းမှ သိရသည် ။
ဖြစ်စဉ်မှာ အသက် ၂၅ နှစ်အရွယ် ကိုဟန်လင်းစိုးသည် ယင်း၏နေအိမ်သို့အပြန် ဆိုင်ကယ်မောင်းနှင်လာစဉ် ပါလျှံရပ်ကွက် ရုံးအနီးအရောက် လူတစ်စုမှ ဆိုင်ကယ်လဲကျအောင်ပြုလုပ်ကာ လုယက်သဖြင့် ပြန်လည်ခုခံရာမှ ဝမ်းဗိုက်ကို ဓားဖြင့်ထိုးသွားကြောင်း၊ ဆိုင်ကယ်မပါသွားကြောင်း အဆိုပါလူမှုကူညီရေးအသင်းတာဝန်ရှိသူက MT News ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
ဓားထိုးခံရသူ ကိုဟန်လင်းစိုးအား တာချီလိတ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရာမှ သက်ဆိုင်ရာလုပ်ထုံး လုပ်နည်းများအပြီးတွင် တာချီလိတ်ရှေ့ဆောင်ဆေးရုံသို့ လွှဲပြောင်းကုသမှုခံယူနေကြောင်းနှင့် တာချီလိတ်ရဲစခန်းမှ ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်လျှက်ရှိကြောင်းသိရသည်။