MT News
Written by Nyein Kyaw
သင်္ကြန်ရုံးပိတ်ရက်နီးလာသဖြင့် ဆိပ်ကမ်းတွင် ကုန်သေတ္တာယာဉ်များ အဝင်အထွက်များခြင်း၊ လျှပ်စစ်မီးပြတ်တောက်မှုများခြင်းတို့ကြောင့် CNG ထည့်သည့်ကားများ အချိန်ကြာမြင့်စွာစောင့်ရသဖြင့် ကြည့်မြင်တိုင်ကမ်းနားလမ်းတစ်လျှောက် ယာဉ်ကြောကျပ်တည်းမှုများ ဧပြီ ၃ ရက်မှ စတင်ဖြစ်ပေါ်လျက်ရှိပြီး သင်္ကြန်ရုံးပိတ်မတိုင်မီအထိ ယာဉ်ကြောကျပ်တည်းမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
မတ်လ ၃ ရက်တွင် ယာဥ်ကြောပိတ်ဆိုမှုများ ဖြစ်ပေါ်ခဲ့သလို မတ်လ ၄ ရက် နံနက် ၉ နာရီဝန်းကျင်မှ စတင်ကာ သီရိမင်္ဂလာဈေးသစ်အနီး၊ ချောင်းဝ၊ ရေကြောင်း၊ ရွာမကွေ့ မှတ်တိုင်တို့မှ စတင်ကာ အလုံထီးတန်းဆိပ်ကမ်းအနီးအထိ ယာဉ်ကြော ပိတ်ဆို့မှုဖြစ်ကာ ယာဉ်များသွားလာရ ခက်ခဲနေခြင်းမှာ ညနေအထိ ဆက်လက်ဖြစ်ပေါ်နေခြင်းလည်းဖြစ်သည်။
“ပိတ်တာက မနေ့ကတည်းက စပိတ်တာ။ ဒီနေ့ကပိုသိသာတာပေါ့။ အရင်က Asia World ဆိပ်ကမ်းက ကမ်းနားလမ်းအတိုင်းဆို ၁၀ မိနစ်နဲ့ ၁၅ မိနစ်ပဲ။ ဒီနေ့ဆို သုံးနာရီလောက် မောင်းရတယ်။ ဆိပ်ကမ်းထဲရောက်ရင်လည်း အဲဒီထဲမှာ ပစ္စည်းတွေများတော့ ကျပ်တော့ အဲဒီထဲမှာလည်း ကြာဦးမှာ။ အဓိက,က ရုံးပိတ်ရက်တွေမတိုင်ခင် ပစ္စည်းထုတ်တာများတော့ ကားထွက်တာလည်းများလာတာ” ဟု ကမ်းနားလမ်းပေါ်တွင် ယာဉ်ကြောပိတ်နေသည်ကို စောင့်ဆိုင်းမောင်းနှင်နေသည့် ကုန်သေတ္တာတင်ယာဉ်မောင်းတစ်ဦးက ပြောသည်။
ထို့အတူ သင်္ကြန်အခါရက်နီးလာသဖြင့် တက္ကစီများ ခရီးသည်ရရှိမှုပိုများလာပြီး ယခင်ထက် အခေါက်ရေ ပိုမိုပြေးဆွဲနေရသဖြင့် CNG လိုအပ်ချက် ပိုမိုမြင့်တက်သော်လည်း အချိန်ပိုင်းလျှပ်စစ်မီးပေးမှု့၊ လျှပ်စစ်မီးပြတ်မှုများပြားခြင်း
ကြောင့် CNG ရရှိရန် တန်းစီရမှုအချိန် ပိုမိုကြာမြင့်မှုများဖြစ်ပေါ်သဖြင့် ကမ်းနားလမ်းနှင့် ဟံသာဝတီလမ်းထောင့်တွင်လည်း ယာဉ်ကြောပိတ်ဆို့မှု့များ ဖြစ်ပေါ်လျက်ရှိသည်။
“အခုက ပိတ်ရက်နီးတော့ ကားဆွဲကောင်းတယ်။ CNG ရဖို့ကျတော့လည်း တော်တော်ကြာတယ်လေ။ မနက်ကဆို ဒီနားတွေမှာ လိုင်းကား၊ ကုန်ကားနဲ့ တက္ကစီတွေ စုံပြီး ကျပ်တယ်။အခုက နည်းနည်းချောင်သွားတာ။ ဒါတောင် Gas ရဖို့ တန်းစီရတာက တစ်နာရီ မကြာတော့တောင် နာရီဝက် ၄၅ မိနစ်လောက်တော့ ကြာတာပါပဲ” ဟံသာဝတီလမ်းပေါ်ရှိ CNG ဆိုင်တွင် Gas ထည့်ရန်တန်းစီနေသည့် တက္ကစီယာဉ်မောင်းတစ်ဦးက ပြောသည်။
ယနေ့ညနေပိုင်းအထိ ယာဉ်ကြောများ ဆက်လက်ပိတ်နေသည့်အတွက် ကမ်းနားလမ်းကိုဖြတ်သန်းမောင်းနှင်ရသည့် အချို့သော ခရီးသည်တင်လိုင်းကားများမှာလည်း အခြားလမ်းများမှ ရှောင်ကွင်းမောင်းနေရမှုများရှိခဲ့သည်ဟု သိရသည်။