MT News
Written by Hey Mar
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အဝင် ယခင်တိုးဂိတ်အဟောင်းအနီး၌ ဧပြီလ ၄ ရက် နံနက် ၁၀ နာရီဝန်းကျင်ခန့်က လမ်းဘေးမိုင်း ၂ လုံး ဆက်တိုက်ပေါက် ကွဲခဲ့သဖြင့် ဆိုင်ကယ်စီးနင်းလာသူ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ ကုန်တင်ကားတစ်စီးနှင့် ယင်းကိုမောင်းနှင်လာသူ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း မုံရွာအခြေစိုက် ပေးဆပ်သူလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက MT News သို့ ပြောသည်။
ဖြစ်စဥ်မှာ မန္တလေးမှ မုံရွာမြို့ဘက်သို့ မောင်းနှင်လာသောကုန်တင်ကားနှင့် မုံရွာမြို့အဝင် မြေနဲရွာနှင့် မအူရွာအကြားတွင် လမ်း၏ ညာဘက်အခြမ်းမှ စီးနင်းလာသော ဆိုင်ကယ်စီးအမျိုးသမီးတို့ ၂ စီးယှဉ် ဖြတ်ကျော်စဥ် လမ်းညာဘက်ဘေးမှ လမ်းဘေးမိုင်း ၁ လုံး ပေါက်ကွဲခဲ့ပြီး ကားအား ထိမှန်ခဲ့ကာ စက္ကန့်ပိုင်းအတွင်း နောက်ထပ်မိုင်းတစ်လုံး ထပ်မံပေါက် ကွဲသဖြင့် ဆိုင်ကယ်စီးနင်းလာသူအမျိုးသမီးအား ထိမှန်ခဲ့ကြောင်း သိရသည်။
မိုင်းစထိမှန်သဖြင့် ဆိုင်ကယ်စီးလာသူ အမျိုးသမီးမှာ ခန္ဓာကိုယ်ညာဘက်တစ်ခြမ်း ခေါင်းမှခြေထောက်အထိ ပြင်းထန်စွာ ဒဏ်ရာရရှိပြီး နေရာ၌ပင် သေဆုံးခဲ့ကာ၊ ကုန်ကားပေါ်ရှိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးက အသက် ၂၅ နှစ် ဝန်းကျင်။ မအူအပိုင် ကံကုန်းရွာကလို့ သိရတယ်။ ညာဘက်တစ်ခြမ်းလုံး ဆိုင်ကယ်ရော လူရော ရစရာမရှိဘူး။ ကုန် ကားစပယ်ယာလည်း ဒဏ်ရာတော်တော် ပြင်းထန်တယ်။သူကျ ဘယ်တခြမ်းလုံးထိတာ။ ခေါင်းကနေ ခြေထောက် အထိပဲ။ ယာဥ်မောင်းကတော့ ဝမ်းဗိုက်ထိထားတာ။ အခြေအနေက အခုထိ စိုးရိမ်ရတဲ့ အဆင့်ပဲ”ဟု ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ပေးခဲ့သည့် မုံရွာအခြေစိုက် ပေးဆပ်သူလူမှုကူညီရေးအသင်းမှ အသင်းသားတစ်ဦးက MT News သို့ပြောသည်။
ဒဏ်ရာရသူများနှင့် သေဆုံးသူ၏ ရုပ်အလောင်းကို ပေးဆပ်သူ လူမှုကူညီရေးအသင်းမှ မုံရွာမြို့ပြည်သူဆေးရုံကြီသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။