MT News
Written by Min Mahar
ဧပြီလ ၃ ရက် ညပိုင်းက ပခုက္ကူမြို့တွင်နေထိုင်သည့် သားအဖနှစ်ဦး လက်လုပ်ဗုံးပြုလုပ်နေစဥ် ပေါက်ကွဲမှုဖြစ်ပွားကာ နှစ်ဦးစလုံး သေဆုံးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ပေါက်ကွဲမှုဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်၊ အောင်သပြေကွက်သစ်၊ (၁)လမ်းအတွင်း နေထိုင်သော အသက် ၃၇ နှစ်အရွယ်ခန့်ရှိသောဖခင်ဖြစ်သူနှင့် အသက် ၁၄ နှစ်အရွယ်ခန့် သားဖြစ်သူတို့ ၂ ဦးသည် နေအိမ်မီးဖိုဆောင်၌ လက်လုပ်ဗုံးပြုလုပ်နေစဉ်အတွင်း ပေါက်ကွဲမှု ဖြစ်ပွားကာ နှစ်ဦးစလုံးအခင်းဖြစ်ရာနေရာတွင်ပင် သေဆုံးသွားခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ပခုက္ကူမြို့ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံအတွင်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် ဖခင်ဖြစ်သူသည် ယာဘက်ရင်အုံပွင့်ထွက်ဒဏ်ရာ၊ ဝမ်းဗိုက်ဖောက်ဝင်သွားသည့်ဒဏ်ရာ၊ ဝဲ/ယာလက်ဖျံနှင့် လက်မောင်းတို့ကိုဖောက်ဝင်သွားသောဒဏ်ရာ၊ ယာဘက်နားထင်ကိုဖောက်ဝင်သည့်ဒဏ်ရာများနှင့် သားဖြစ်သူမှာမူ ဝမ်းဗိုက်ပွင့်ထွက်သွားသောဒဏ်ရာ၊ ဝဲဘက်ရင်အုံပွင့်ထွက်သွားသည့်ဒဏ်ရာ၊ ဝဲဘက်လည်ပင်းကိုဖောက်ထွက်သွားသောဒဏ်ရာများ အသီးသီးရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယင်းပေါက်ကွဲမှုဖြစ်ရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိစစ်ဆေးခဲ့ကြရာ ဗုံးပေါက်ကွဲသည့် မီးဖိုဆောင်အတွင်း၌ ဘောစိများ၊ လက်လုပ်မိုင်းပြုလုပ်ရာတွင်အသုံးပြုသည့် ပစ္စည်းကိရိယာများနှင့် “TOP CHOICE” အစိမ်းရောင် အဖုံးပါသည့် ဗလာစာအုပ်ထဲတွင် “ချစ်တယ်နော် အလိုမလိုက်ဘူး။ ရင်ခွင်ထဲထည့်ပြီး ဗုံးခွဲပစ်မယ်”ဟု ခဲတံဖြင့် ရေးသားထားသည့်စာများကိုလည်း တွေ့ရှိရသဖြင့် သိမ်းဆည်းသွားကြောင်း ရဲအသိုင်းဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။