MT News
Written By Thandar
ပြည်သူများအများ ချစ်ခင်သဘောကျတဲ့ နိုင်ငံကျော်အဆိုတော်တွေကို နုစဥ်မှာ အဆိုပညာရပ်ကို သင်ကြားပေးခဲ့တဲ့ ဂီတပညာရှင် ဆရာဦးစောနုဟာ အသက် ၇၇ နှစ်အရွယ် ဒီနေ့မှာ အသည်းခြောက်ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါပြီလို့ သားဖြစ်သူက MT News ကို ပြောပါတယ်။
ဆရာကြီးဟာ ဧပြီ ၄ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်မြို့ မြောက်ဥက္ကလာပရှိ မေဓာဝီဆေးရုံ သီတာဆောင်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
“အသည်းခြောက်တဲ့ ရောဂါကိုခံစားနေရတာ ၃ လကျော် ၄ လလောက်ရှိပါပြီ။ အဖေက လွန်ခဲ့တဲ့ ၄၅ မိနစ်က မြောက်ဥက္ကလာပမှာ ဆုံးသွားတာ ဟုတ်ပါတယ်။ လက်ရှိ မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီမြို့သစ် (၁)ရပ်ကွက်မှာ နေထိုင်တာပါ ။ လက်ရှိဆေးရုံမှာ အဖေ့ရဲ့ကိစ္စတွေလုပ်ရမှာမို့ နာရေးအတွက် မနက်ဖြန်မှ သေချာစီစဉ်ရမှာပါ”လို့ ဆရာဦးစောနုရဲ့ သားဖြစ်သူက ပြောပါတယ်။
ဆရာဦးစောနုဟာ မြန်မာပြည်က နာမည်ကျော်အဆိုတော်တွေဖြစ်တဲ့ စည်သူလွင် ၊ တင်ဇာမော် စတဲ့ ထိပ်တန်းအဆိုတော်တွေကို မွေးထုတ်ပေးခဲ့သလို မျိုးဆက်သစ် အဆိုတော်တွေကို မွေးထုတ်ပေးတဲ့အနေနဲ့ ရန်ကုန်၊ မန္တလေး၊ ပုဏ္ဏားကျွန်း စတဲ့ အနယ်နယ်အရပ်ရပ်မှာလည်း အဆိုပညာရပ်သင်တန်းတွေ သင်ကြားပေးလျှက်ရှိသူလည်း ဖြစ်ပါတယ်။