MT News
MT News
လက်ရှိအစိုးရ၏ ပညာရေးစနစ်ပျက်ပြားစေရန်ရည်ရွယ်၍ အကြမ်းဖက် အုပ်စုအဖြစ်ကြေညာခံထားရသော NUG နှင့် ဆက်သွယ်၍ Federal School of Aung Myay Thar Zan အမည်ဖြင့် တရားမဝင်ပညာ သင်ကြားပေးနေသည့် အမျိုးသမီး ၁၃ ဦး အပါအဝင် ၁၅ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယမန်နေ့က ထုတ်ပြန်သည်။
ဖြစ်စဥ်မှာ NUG ဩဇာခံ၍ Federal School of Aung Myay Thar Zan အမည်ဖြင့် Online စနစ်သုံးကာ စာသင်နေကြောင်း တာဝန်သိပြည်သူများ သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက စိစစ်ဖော်ထုတ်မှုများပြုလုပ်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်တွင် Federal School of Aung Myay Thar Zan ၏ ကျောင်းတာဝန်ခံ အိရွှေစင်မြင့် အား မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။
တရားခံ အိရွှေစင်မြင့်အား စစ်ဆေးဖော်ထုတ်ချက်များအရ တရားမဝင် Federal School of Aung Myay Thar Zan တွင် သင်ကြားရေးဆောင်ရွက်နေသော တင်တင်လတ်၊ စန်းစန်းဝင်း၊ ခိုင်မာသန်း၊ နေကြည်ဝင်း၊ ခင်ကြည်မာဝေ၊ အေးမြတ်မွန်၊ ကျော်စန်းထွေး၊ ဇော်မျိုးထွန်း၊ ခင်နွယ်ဦး၊ ယဉ်ယဉ်မင်း၊ ခင်မြတ်နိုး၊ ခိုင်မာဖြိုး၊ အိအိအောင်နှင့် ချောစုသန်း စုစုပေါင်း ၁၄ ဦးတို့အား ၎င်းတို့နေအိမ်အသီးသီး၌ ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းမိတရားခံများ ထွက်ဆိုချက်အရ ယင်းတို့သည် NUG ၏ စေခိုင်းချက်ဖြင့် Federal School of Aung Myay Thar Zan အား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ Online စနစ်ဖြင့် ဖွင့်လှစ်သင်ကြားခဲ့ကာ ကျောင်းသား/ကျောင်းသူများထံမှ ကောက်ခံရသည့် ငွေကြေးများအား အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ခံထားရသည့် PDF များကို ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ထို့ကြောင့် Federal School of Aung Myay Thar Zan အမည်ရှိ တရားမဝင် စာသင်ကြားမှုတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ဖမ်းဆီးရမိတရားခံ ၁၅ ဦးအား ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ငွေကြေးထောက်ပံ့မှုများ၊ ပူးပေါင်းပါဝင် ဆောင်ရွက်နေသူများကိုလည်း ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည့်အပြင် တရားမဝင်ပညာသင်ကြားမှု အစီအစဉ်တွင် စာရင်းပေးသွင်း၍ အတန်းများတက်ရောက်စေခဲ့သော မိဘများနှင့် ကျောင်းသား/ ကျောင်းသူများကိုပါ ဆက်လက်ဖော်ထုတ်၍ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။