MT News
၅. ၄. ၂၀၂၃
၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်အတွက် အခွန်အရပ်ရပ်မှ ကျပ် ၈၀၅၂ ဘီလျံကျော် ကောက်ခံရရှိရန် မျှော်မှန်းထားသည့်၂၀၂၃ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို SAC ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် မတ်လ ၃၀ ရက်တွင် လက်မှတ်ရေးထိုးထုတ်ပြန်ထားပြီး ဧပြီ ၄ ရက်နှင့် ဧပြီ ၅ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အများပြည်သူသိရှိစေရန် ဖော်ပြပေးထားသည်။
ပြည်တွင်းထွက်ကုန်နှင့် ပြည်သူပြည်သားများသုံးစွဲမှုအပေါ် ကောက်ခံသည့်အခွန်မှ ကျပ် ၃၇၈၃ ဘီလျံကျော်၊ ဝင်ငွေခွန်မှ ကျပ်ဘီလျံ ၃၀၀၀ ကျော်၊အကောက်ခွန်မှ ကျပ်ဘီလျံ ၄၆၀ နှင့် နိုင်ငံပိုင်သယံဇာတများထုတ်ယူသုံးစွဲမှုအပေါ်ကောက်ခံသည့်အခွန်အကောက်များမှ ကျပ် ၈၀၇ ဘီလျံကျော်ရရှိရန် မျှော်မှန်းထားသည့် အဆိုပါဥပဒေတွင် ပုဒ်မ ၄၃ ခု ပါဝင်သည်။
ထိုဥပဒေတွင် စီးကရက်အမျိုးမျိုးကို တစ်ဘူးလျှင် ၁၀ ကျပ်မှ ၂၇ ကျပ်။ အရက်အမျိုးမျိုးကို တစ်လီတာ ၂၀၉ ကျပ်မှ ၅၀၇၁ ကျပ်အထိအပြင် တစ်လီတာ ၁၉၈၅၁ ကျပ် ကျော်ပါက တန်ဖိုး၏ ၆၀ ရာခိုင်နှုန်းနှင့် ဘီယာအမျိုးမျိုးကိုလည်း တန်ဖိုး၏ ၆၀ ရာခိုင်နှုန်းကောက်ခံမည့်အပြင် ဝိုင်အမျိုးမျိုးကိုလည်း တစ်လီတာ ၉၂ ကျပ်မှစတင်ကာ အမြင့်ဆုံး ၃၇၂၄ ကျပ်အပြင် တစ်လီတာတန်ဖိုး ၁၆၆၀၁ ကျပ်ကျော်ပါက တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းကောက်ခံမည်ဟု သတ်မှတ်ထားသည်။
ဝင်ငွေခွန်အဖြစ် ကျပ်သိန်း ၂၀ အောက် ကောက်ခံမည်မဟုတ်ဘဲ ကျပ်သိန်း ၂၀ နှင့် သိန်း ၁၀၀ ကြားဆိုပါက ၅ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ရာ့တစ်ကျပ်နှင့် ကျပ်သိန်း ၃၀၀ ကြားဆိုပါက ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း သုံးရာ့တစ်ကျပ်နှင့် ကျပ်သိန်း ၅၀၀ ကြားဆိုပါက ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်းငါးရာ့တစ်ကျပ်နှင့် ကျပ်သိန်း ၇၀၀ ကြားဆိုပါက ရာခိုင်နှုန်း ၂၀ နှင့် ကျပ်သိန်းခုနစ်ရာ့တစ်ကျပ်အထက်ဆိုပါက ဝင်ငွေခွန် ၂၅ ရာခိုင်နှုန်းကောက်ခံမည်ဟုသတ်မှတ်ထားပြီး သတ်မှတ်ကင်းလွတ်ခွင့်များလည်း ခံစားခွင့်ရရှိမည်ဖြစ်သည်။
ထို့အတူ စည်းကြပ်မှုမှကင်းလွတ်နေသော ဝင်ငွေများကိုလည်း ကျပ်သိန်း ၃၀၀၀ အောက်ဆိုပါက ဝင်ငွေခွန် ၃ ရာခိုင်နှုန်း၊ ကျပ်သိန်းသုံးထောင့်တစ်ကျပ်နှင့် ကျပ်သိန်း ၆၀၀၀ အကြားဆိုပါက ၅ ရာခိုင်နှုန်း၊ ကျပ်သိန်းခြောက်ထောင့်တစ်ကျပ်နှင့် ကျပ်သိန်း ၁၀၀၀၀ အကြားဆိုပါက ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်သောင်းတစ်ကျပ်နှင့် ကျပ်သိန်း ၃၀၀၀၀ အကြားဆိုပါက ၁၅ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၃၀၀၀၀ အထက်ဆိုပါက ဝင်ငွေခွန် ရာခိုင်နှုန်း ၃၀ ကောက်ခံမည်ဟု ပြဌာန်းထားကြောင်း သိရသည်။