၅. ၄. ၂၀၂၃
Written by Ye Kyaw
၂၀၂၃ ခုနှစ်၊ မတ်လတွင် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုသည် ခုနစ်နှစ်တာကာလအတွင်း အားအကောင်းဆုံး တိုးတက်ထုတ် လုပ်မှုဖြစ်ခဲ့ကြောင်း S&P Global မြန်မာထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုသည် ဝယ်လိုအားနှင့် ဈေးဝယ်အသစ်များပါ တိုးမြင့်လာမှုကြောင့် ထုတ်လုပ်မှုနှင့် စက်ရုံအော်ဒါ နှစ်ရပ်လုံး သုံးလဆက်တိုက်တိုးလာမှုနှင့်အညီ ဝယ်ယူရေးလုပ်ငန်းများပါ မတ်လတွင် မြန်ဆန်လာခဲ့ပြီး စံချိန်တင်နှုန်းဖြစ်လာခဲ့ကြောင်း ဖော်ပြထားသည်။
“မြန်မာနိုင်ငံရဲ့ ထုတ်လုပ်ရေးကဏ္ဍဟာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာမှာ စတင်ခဲ့တဲ့ ဒေတာစုစည်းမှုအတွင်း အားအကောင်းဆုံး စွမ်းဆောင်ရည်ကို အချက်ပြလိုက်ခြင်းဖြစ်ပြီး အဓိကအကျဆုံး အညွှန်းကိန်း PMI မှာ မှတ်တမ်းထဲက ပူးတွဲအမြင့်ဆုံးနေရာမှာ ရှိနေပါတယ်” ဟု S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောသည်။
ပြီးခဲ့သည့် မတ်လအတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းအမှတ် ၅၅ ဒသမ ၅ တွင် မှတ်တမ်းတင်ခဲ့ပြီး ဖေဖော်ဝါရီလ၏ PMI အညွှန်းကိန်းအမှတ် ၅၁ ဒသမ ၁ ထက် တဟုန်ထိုးမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထား သည်။ PMI အညွှန်းကိန်း၏ အကြီးမားဆုံးအစိတ်အပိုင်းနှစ်ခုဖြစ်သော ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ နှစ်ခုလုံးသည် အားကောင်းသည့် တိုးတက်မှုဖြစ်ကြောင်း ဖော်ပြထားသည်။
PMI အညွှန်းကိန်းအမှတ်များသည် သုညနှင့် ၁၀၀ အထိရှိနိုင်ပြီး အညွှန်းကိန်းအမှတ် ၅၀ အထက်တွင်ရှိနေပါက တိုးတက် မှုကိုပြကာ အညွှန်းအမှတ် ၅၀ အောက်တွင်ရှိပါက ယေဘုယျအားဖြင့် ကျဆင်းမှုကို ညွှန်ပြနေခြင်းဖြစ်သည်။
S&P Global မြန်မာထုတ်လုပ်မှု PMI ကို ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့် အဖွဲ့တစ်ခုမှ ထည့်ကုန်ဝယ်ယူရေး မန်နေဂျာများထံ ပေးပို့ခဲ့သည့် မေးခွန်းလွှာများအတွက် ရရှိသည့် ဖြေကြားချက်များကို အခြေခံပြီး တွက်ချက်ခြင်းဖြစ်သည်။ PMI အညွှန်းမှာ အော်ဒါအသစ်များ (ရာခိုင်နှုန်း ၃၀)၊ ထုတ်လုပ်မှု (၂၅ ရာခိုင်နှုန်း)၊ အလုပ်နေရာ (ရာခိုင်နှုန်း ၂၀)၊ ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှုကြာမြင့်ချိန် (၁၅ ရာခိုင်နှုန်း)နှင့် သိုလှောင်ထားသည့် ထည့်ကုန်များ (၁၀ ရာခိုင်နှုန်း) စသည့်အညွှန်းကိန်း ငါးခုတို့၏ ချိန်ဆတွက်ချက်ထားသည့် ပျမ်းမျှအညွှန်းကိန်းဖြစ်သည်။