၅. ၄. ၂၀၂၃
Written by Nay Aung
အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် ADB သည် အာရှပစိဖိတ်ဒေသအတွင်းရှိ နိုင်ငံများအတွက် ယခုနှစ် ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ဧပြီ ၄ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံ၏၂၀၂၃ ခုနှစ်အတွင်း ဂျီဒီပီဖွံ့ဖြိုးတိုးတက်မှုနှုန်းက ၂ ဒသမ ၈ ရာခိုင်နှုန်းရှိမည်ဖြစ်ပြီး လာမည့်၂၀၂၄ ခုနှစ်တွင် ၃ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်လာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ပတ်သက်သော စည်းကမ်းများကို ဖြေလျှော့လိုက်ပြီးနောက် အာရှပစိဖိတ်ဒေသ၏ ၂၀၂၃ ခုနှစ်အတွင်း ဖွံ့ဖြိုးတိုးတက်မှုနှုန်းက ၄ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်လာမည်ဖြစ်ကြောင်း ADB က ခန့်မှန်းထားသည်။
၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ဂျီဒီပီနှုန်းသည် ပြီးခဲ့သော ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် မြင့်တက်လာခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ဂျီပီဒီတိုးတက်နှုန်းမှာ ၂ ရာခိုင်နှုန်းသာရှိခဲ့ကြောင်း ADB က ဖော်ပြထားသည်။ အရှေ့တောင်အာရှဒေသအတွင်းရှိနိုင်ငံများအနက် ၂၀၂၃ ခုနှစ်အတွင်း ဂျီဒီပီတိုးတက်နှုန်းအများဆုံးနိုင်ငံသည် ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံဖြစ်လာမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင်း ဗီယက်နမ်၏ ဂျီဒီပီဖွံ့ဖြိုးမှုနှုန်းက ၆ ဒသမ ၅ ရာခိုင်နှုန်းနှင့် ဖိလစ်ပိုင်၏ ဂျီဒီပီဖွံ့ဖြိုးမှုနှုန်းက ၆ ဒသမ ၀ ရာခိုင်နှုန်းရှိလာမည်ဖြစ် ကြောင်း ADB က ခန့်မှန်းထားသည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသအတွင်းရှိ နိုင်ငံပေါင်း ၁၁ နိုင်ငံ၏ဂျီဒီပီဖွံ့ဖြိုးမှုနှုန်းအများဆုံး နိုင်ငံများစာရင်းတွင် အဆင့် ၉ နေရာ ရပ်တည်နေပြီး ဘရူနိုင်းနှင့်စင်ကာပူနိုင်ငံက မြန်မာနိုင်ငံအောက်တွင် ရပ်တည်နေသည်။အရှေ့တောင်အာရှဒေသအတွင်းရှိ အရှေ့တီမောနိုင်ငံ၏ ဂျီဒီပီ ဖွံ့ဖြိုးမှုနှုန်းက မြန်မာထက်များနေပြီး ၃ ဒသမ ၁ ရာခိုင်နှုန်းရှိနေကြောင်း သိရသည်။ ထို့အပြင် ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းက ၁၀ ဒသမ ၅ ရာခိုင်နှုန်းရှိမည်ဖြစ်ကြောင်း အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် ADB က ခန့်မှန်းထားသည်။
မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် လာမည့် ၂၀၂၄ ခုနှစ်တွင် ပြန်ကျလာဖွယ်ရှိနေပြီး ၈ ဒသမ ၂ ရာခိုင်နှုန်းရှိမည်ဟု ADB က သုံးသပ်ဖော်ပြထားသည်။ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၂ ခုနှစ်ကာလအတွင်း ၁၆ ဒသမ ၀ ရာခိုင်နှုန်းရှိနေခဲ့ကြောင်း ADB က ဆိုသည်။မြန်မာနိုင်ငံတွင် အာဏာပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမတည်ငြိမ်မှုများကြောင့် ၂၀၂၂ ခုနှစ်အတွင်း စီးပွားရေးဖွံ့ဖြိုးမှုများ ဆက်လက်ကျဆင်းခဲ့ရကြောင်း ADB က သုံးသပ်ထားသည်။ စီးပွားရေးကျဆင်းမှုများကြောင့်အိမ်ထောင်စုများ ဝင်ငွေရရှိမှုကို ထိခိုက်မှုများဖြစ်ခဲ့ရပြီး အစားအစာရရှိရေးကို အတားအဆီးများလည်းဖြစ်ပေါ်ခဲ့ရကြောင်း အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်က ဆိုထားသည်။
Ref—- The Asian Development Bank