၄. ၄. ၂၀၂၃
Written by Naing Thuta
စက်သုံးဆီပန့်အရောင်းဆိုင်တွင် သွယ်တန်းထားသောလျှပ်စစ်ဝါယာကြိုးအပူလွန်ကဲပြီး မီးလောင်ကျွမ်းရာမှတစ်ဆင့် နေအိမ် ၄ လုံးမီးထဲပါသွားမှု မိတ္ထီလာမြို့တွင် ယမန်နေ့ကဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မိထ္ထီလာမြို့၊ အောင်ဇေယျရပ်ကွက်၊ နယ်မြေ(၉)၊ ဘူတာလမ်းဆုံရှိ ၅၃ နှစ်ခန့်ရှိသော အမျိုးသားတစ်ဦးပိုင်ဆိုင်သည့် စက်သုံးဆီပန့် အရောင်းဆိုင်တွင် ဧပြီလ ၃ ရက် နေ့လည် ၂ နာရီ၂၀ မိနစ်က ဆိုင်အတွင်းသွယ်တန်းထားသောလျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှ မီးပွားကျကာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အနီးပတ်ဝန်းကျင်ရှိ နေအိမ် ၄ လုံးပါ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်ကျွမ်းရာသို့ မိတ္ထီလာမြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ် ၆ စီးတို့ဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့များ၊ ဒေသခံလူမှုကူညီရေးအဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ယင်းကဲ့သို့ မီးလောင်မှုဖြစ်ပွားအောင် မီးပေါ့ဆစွာအသုံးပြုခဲ့သော ဆိုင်ပိုင်ရှင်အား မိတ္ထီလာမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းလည်း သိရသည်။