၄. ၄. ၂၀၂၃
Written by Min Mahar
ကျောက်ပန်းတောင်းမြို့နယ်ရှိ “တော်ဝင်နှင်းဆီ”စက်သုံးဆီအရောင်းဆိုင်အား PDF အဖွဲ့ဝင် ၇ ဦးက သေနတ်ဖြင့်အနုကြမ်းစီးကာ ရွှေထည်ပစ္စည်းများနှင့် ငွေကျပ်သိန်း ၃၀၀ ကျော်လုယူသွားမှု ယမန်နေ့ညဦးပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၃ ရက်နေ့ ည ၇ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်ပန်းတောင်း-မိတ္ထီလာကားလမ်း၊ တောင်ဦးကျေးရွာရှိ “တော်ဝင်နှင်းဆီ” စက်သုံးဆီအရောင်းဆိုင်သို့ PDF အဖွဲ့ဝင်အမျိုးသား ၇ ဦးက ဆိုင်ကယ် ၄ စီးဖြင့် ဆီဖြည့်ရန်ရောက်ရှိလာပြီး ဆီဖြည့်ပေးနေစဉ်အတွင်း ၎င်းတို့ထဲမှတစ်ဦးက ဆိုင်ပိုင်ရှင်အား ပစ္စတိုသေနတ်ဖြင့်ထောက်ကာ ခြံဝန်းရှိအိမ်ဆောက်ပစ္စည်းဆိုင်အတွင်းသို့ ခေါ်ဆောင်သွားပြီး ပိုင်ရှင်အမျိုးသမီးဝတ်ဆင်ထားသည့် ရွှေနားကပ် ၁ ရံ၊ ရွှေလက်စွပ် ၁ ကွင်း၊ ဖုန်း ၆ လုံး၊ ငွေ ကျပ်သိန်း ၃၃၀ ခန့်အား အနုကြမ်းစီးယူဆောင်သွားခဲ့ကြောင်း သိရသည်။
အဆိုပါအခင်းဖြစ်ပွားရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး လက်နက်ဖြင့်အနုကြမ်းစီးသူများအား ပြန်လည်ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေစဉ်အတွင်း ကျောက်ပန်းတောင်း-မြင်းခြံသွားကားလမ်းရှိ စိတ္တိန်းလမ်းခွဲသို့ရောက်ရှိစဉ် အမျိုးသားတစ်ဦးမောင်းနှင်လာသည့် မသင်္ကာဖွယ်ရာဆိုင်ကယ် ၁ စီးအား တွေ့ရှိခဲ့သဖြင့် စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ၎င်းဆိုင်ကယ်သမားက ရပ်တန့်မပေးဘဲ မောင်းနှင်ထွက်ပြေးသွားသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုက်လံဖမ်းဆီးခဲ့ရာ ၎င်းကဆာလာအိတ်နှင့် ဆိုင်ကယ်အား လမ်းဘေးတွင်ထားရှိခဲ့ပြီး ထွက်ပြေးသွားကြောင်း သိရသည်။
ယင်းသိမ်းဆည်းရမိသော ဆိုင်ကယ်နှင့်ဆာလာအိတ်တိုအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖွင့်ဖောက်စစ်ဆေးရာ အနုကြမ်းစီးကာလုယူသွားသည့် ငွေများဖြစ်နေသဖြင့် သက်သေများနှင့်အတူသိမ်းဆည်းခဲ့ပြီး ရွှေထည်ပစ္စည်းများမှာမူ အနုကြမ်းစီးသူများနောက်သို့ ပါရှိသွားသဖြင့် တရားခံများအား ပြန်လည်ဖမ်းဆီးရမိရေးအတွက် ဆက်လက်စုံစမ်းဆောင်ရွက်မှုများလုပ်ဆောင်နေကြကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ စုံစမ်းသိရသည်။