၄. ၄. ၂၀၂၃
Written by Thettant
ဘင်္ဂလားဒေ့ရှ်သို့ နေရပ်စွန့်ခွာထွက်ပြေးသူများအနက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပေးပို့လာသည့် စာရင်းများကို စိစစ်ရာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ စိစစ်ပြီးသူ ၈၇၀၀၀ ကျော်အနက် မြန်မာနိုင်ငံတွင် နေထိုင်ကြောင်း အထောက်အထားမရှိသူ ၃၀၀၀၀ ကျော်အထိ ပါဝင်နေသည်ဟု ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၏ လုပ်ငန်းကော်မတီတစ်ခုဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ (၂/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်နေရာချထားရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး၊ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ပေးအပ်ရေး၊ ပြန်လည်ထူထောင်ရေး၊ ရေရှည်ပဋိပက္ခကင်းဝေးရေးတို့ကို အကောင်အထည်ဖော်ရန် အစိုးရအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟိုကော်မတီကို ဖွဲ့စည်းဆောင်ရွက်နေသကဲ့သို့ ဗဟိုကော်မတီ၏အောက်တွင် လုပ်ငန်းကော်မတီ (၅) ခု ဖွဲ့စည်းကာ လုပ်ငန်းများကို ထိထိရောက်ရောက် ကြိုးပမ်းဆောင်ရွက်နေသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းကော်မတီ အနေဖြင့်လည်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်အောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ မြန်မာ – ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ သဘောတူညီချက်များအရ လုပ်ငန်းအဖွဲ့များဖွဲ့စည်းကာ နှစ်နိုင်ငံညှိနှိုင်း ဆောင်ရွက်လျက်ရှိသည်။
ထို့အတွက် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှပေးပို့လာသည့် အိမ်ထောင်စုလူဦးရေစာရင်းများအနက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ စိစစ်ပြီးဖြစ်သည့် မြန်မာနိုင်ငံတွင် နေထိုင်ကြောင်း အထောက်အထား တွေ့ရှိသူ ၅၆၀၀၀ ကျော်၊ ပြည်ထဲရေးဝန်ကြီးဌာန၏ အကြမ်းဖက်စာရင်းတွင် ပါဝင်သူ ၉၀၀ ခန့်၊ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြောင်း အထောက်အထားမတွေ့ရှိသူ ၃၀၀၀၀ ကျော်၊ စုစုပေါင်း လူဦးရေ ၈၇၀၀၀ ကျော်ကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် သံတမန်လမ်းကြောင်းဖြင့် ပေးပို့ အကြောင်းပြန်ကြားပြီးဖြစ်ကြောင်းလည်း ဦးမြင့်ကြိုင်က ပြောသည်။
ယင်းတို့အနက် နှစ်နိုင်ငံညှိနှိုင်းချက်အရ ပြန်လည် လက်ခံရေးလုပ်ငန်းများကို Pilot Project ဖြင့် ဆောင်ရွက်နိုင်ရန် သဘောတူခဲ့ပြီး အိမ်ထောင်စု ၂၀၀ ကျော်၊ လူဦးရေ ၇၀၀ ကျော်ကို ပြန်လည်လက်ခံရန် လျာထားပေးပို့ခဲ့သည်။ သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ Pilot Project ဖြင့် ပြန်လည်လက်ခံရန်လျာထားသူ ၇၀၀ ကျော်အပြင် ၎င်းတို့၏ဆက်စပ်မိသားစုဝင် ၄၀၀ ကျော်၏ စာရင်းပါ ထပ်တိုး၍ သံတမန်လမ်းကြောင်းမှတစ်ဆင့် ပေးပို့လာခဲ့သဖြင့် စိစစ်အတည်ပြုရန် ကျန်ရှိသည့် ဆက်စပ်မိသားစုဝင် ၄၀၀ ကျော်ကို မျက်မြင်တွေ့ဆုံ မေးမြန်း စိစစ်နိုင်ရန် မျက်မြင်စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းခဲ့ရသည်။ မျက်မြင်စစ်ဆေးရေးအဖွဲ့သည် ပြီးခဲ့သည့် မတ် ၁၅ ရက် မှ ၂၁ ရက်အထိ မောင်တောမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်မြို့သို့သွားရောက်၍ မိသားစုဝင် ၄၀၀ ကျော်ကို မျက်မြင်တွေ့ဆုံမေးမြန်း စိစစ်ခဲ့ရာ စစ်ဆေးတွေ့ရှိချက်အရ နှစ်နိုင်ငံသဘောတူညီချက် (၅) ရပ်နှင့် ကိုက်ညီသဖြင့် လက်ခံနိုင်သူများရှိသကဲ့သို့ ပြန်လည်သုံးသပ်၍ ညှိနှိုင်းဆွေးနွေး အတည်ပြုရမည့်သူများလည်း ရှိနေသည်ကို တွေ့ရှိရသည်ဟုလည်း သိရသည်။
မျက်မြင်စစ်ဆေး တွေ့ရှိချက်များအား လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်း ကော်မတီမှဆွေးနွေးပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီသို့ တင်ပြမည်ဖြစ်ပြီး ယင်းကော်မတီမှတစ်ဆင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီသို့ ဆက်လက်တင်ပြ အတည်ပြုချက်ရယူသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယခင်ကပင် စိစစ်အတည်ပြုပြီးဖြစ်သည့် ဟိန္ဒူဘာသာဝင် ၃၀၀ ကျော်ကိုလည်း ဒုတိယအကြိမ် Pilot Project တွင် ပြန်လည်လက်ခံရန် လျာထားကြောင်းနှင့် ယင်းကိစ္စရပ်များအား နောင်ကျင်းပမည့် နှစ်နိုင်ငံပူးတွဲလုပ်ငန်းအဖွဲ့ (JWJ) အစည်းအဝေးတွင် ဆက်လက်ညှိနှိုင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် တောင်ပြိုလက်ဝဲနှင့် ငါးခူရစခန်းနှစ်ခုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာနဝန်ထမ်းများ၊ဆက်စပ်ဌာနများမှ ဝန်ထမ်းများသည် လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ တာဝန်ချထားပြီး ပြန်လည်လက်ခံရေး စီမံချက်နှင့်အညီ ပြန်လည်လက်ခံရန် အသင့်ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။