၄. ၄. ၂၀၂၃
Written by Ye Kyaw
MG Motor ကားကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် လာရောက်ထုတ်လုပ်ရန် အစီအစဥ်များရှိပြီး လက်တလော မူဝါဒအပြောင်းအလဲများကြောင့် ထုတ်လုပ်ရေးအစီအစဥ်များကို ရပ်ဆိုင်းထားကြောင်း သိရသည်။
“ကျွန်မတို့က မြန်မာနိုင်ငံမှာလည်း ထုတ်လုပ်ဖို့ရှိပါတယ်။ လောလောဆယ်မှာ မူဝါဒအပြောင်းအလဲတွေက အရမ်းများနေတဲ့အခါကျတော့ ကျွန်မတို့လည်း ပြီးခဲ့တဲ့နှစ်တွေထဲက လုပ်ငန်းတွေ ရပ်တန့်သွားတာဖြစ်ပါတယ်” ဟု MG Myanmar ၏ Marketing Manager မယမုံက ပြောသည်။
MG Myanmar အနေဖြင့် လက်ရှိတွင် အရှေ့လယ်ပိုင်းနိုင်ငံများ (ဒူဘိုင်း)၊ ဟောင်ကောင်၊ ထိုင်းနိုင်ငံနှင့် အခြားသောအာရှနိုင်ငံများမှ ထုတ်လုပ်သည့် MG ကားများနှင့် လျှပ်စစ်ကားများကို မြန်မာနိုင်ငံသို့ တင်သွင်းရောင်းချနေခြင်းဖြစ်သည်။
MG အမှတ်တံဆိပ်သည် UK နိုင်ငံတွင် ၁၉၂၄ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး အခြားသောနိုင်ငံများဖြစ်သည့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့တွင် MG အမှတ်တံဆိပ် ကားထုတ်လုပ်ရေးစက်ရုံများရှိပြီး အခြားသော အရှေ့အလယ်ပိုင်းနိုင်ငံများ၊ အာရှနိုင်ငံအချို့တွင်လည်း ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
MG-Morris Garages သည် ကမ္ဘာပေါ်တွင် ဆုတံဆိပ်အမြောက်အများနှင့် အစဥ်အလာကြီးမားသည့် သမိုင်းကြောင်းတစ်ခုဖြင့် ရပ်တည်မှုသည် နှစ်ပေါင်း ၁၀၀ ကျော်နီးပါးရှိခဲ့ပြီဖြစ်သည်။ MG သည် ပြိုင်ကားများ ထုတ်လုပ်ခြင်းမှ စတင်ခဲ့ခြင်းဖြစ်သောကြောင့် Sport Type ကားဈေးကွက်အတွင်း ရောင်းအားအကောင်းဆုံးနှင့် တိုးတက်မှုနှုန်း အမြင့်ဆုံးကားအမှတ်တံဆိပ်တစ်ခုဖြစ်ကြောင်း သိရသည်။
MG Brand New ကားများကို UK နည်းပညာ၊ UK Quality Control နှင့် ထုတ်လုပ်နေခြင်းဖြစ်သဖြင့် Control of Origin သည် UK ဖြစ်ပြီး အခြားသောနိုင်ငံများတွင် ထုတ်လုပ်တပ်ဆင်ထုတ်လုပ်မှုများကိုလည်း UK Quality နှင့် ပြန်လည်တိုင်းတာခြင်းဖြစ်သည်။