၄. ၄. ၂၀၂၃
Written by Naing Thuta
မန္တလေးမြို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နုတ်ထွက်ခွင့်ကျပြီးသူက ရဲ အယောင်ဆောင်ကာ ခြိမ်းခြောက်ငွေတောင်းခံမှုပြုလုပ်နေစဉ် ရဲတပ်ဖွဲ့ဝင်များက ယမန်နေ့ညနေတွင် ဖမ်းဆီးသွားခဲ့ကြောင်း မြို့ခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၃ ရက်နေ့ ညနေ ၄ နာရီခန့်က မန္တလေး တိုင်းဒေသကြီး၊ ချမ်းမြသာစည်မြိုနယ်၊ ထွန်တုံးရပ်ကွက်၊ ၅၁ လမ်းနှင့် ၅၂ လမ်းကြား၊ ၁၁၀(E)လမ်းပေါ်ရှိ “လန်းဆန်းရတနာကျောက်မျက်ကုမ္ပဏီ”သို့ မန္တလေးတိုင်းရဲတပ်ဖွဲ့၊ မှုခင်းတာဝန်ခံ ရဲအုပ် သက်ကိုကိုဦး ဆိုသူရောက်ရှိနေပြီး ၎င်းတို့၏ ကျောက်မျက်ကုမ္ပဏီသည် PDF အဖွဲ့များအား ကူညီထောက်ပံ့နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ ချပြသတင်းကြေးနန်းနှင့်အတူရောက်ရှိ စစ်ဆေးမှုပြုလုပ်နေကြောင်း အောင်ပင်လယ်နယ်မြေရဲစခန်းမှ သတင်းရရှိသဖြင့် သွားရောက်စုံစမ်းခဲ့ရာ ရဲအုပ်ဟုဆိုသူမှာ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၉(A) လမ်း၊ ၁၀၇လမ်းနှင့် ၁၀၈ လမ်းကြားတွင် နေထိုင်ပြီး ကျောက်ပွဲစားလုပ်ကိုင်နေသော အသက် ၃၅ နှစ်အရွယ် သက်ကိုကိုဦး ဆိုသူဖြစ်နေကြောင်း သိရသည်။
အဆိုပါ ရဲတပ်ဖွဲ့ဝင်အယောင်ဆောင်သူသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် အောင်ပင်လယ်နယ်မြေရဲစခန်း၌ ဒုရဲအုပ်အဆင့်ရာထူးဖြင့် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ကျန်းမာရေး မကောင်းသောကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နုတ်ထွက်ခွင့်ကျပြီး ကျောက်အရောင်းအဝယ် လုပ်ကိုင်နေသောသူဖြစ်ကြောင်း သိရသည်။
၎င်းအား ရဲတပ်ဖွဲ့ဝင်များ၏ စစ်ဆေးချက်အရ မတ်လ ၃၁ ရက်နေ့တွင် ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ၅၆ လမ်း၊ ၁၁၉ လမ်းနှင့် ၁၂၀ လမ်းကြားရှိ ကွန်ပျူတာဆိုင်တစ်ဆိုင်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်(မှုခင်း) ဌာန၏ ကြေးနန်းအတု ၁ စောင်နှင့် မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ၎င်းအား တာဝန်ပေးအပ်ထားသော အမိန့်စာအတု ၁ စောင်တို့ပြုလုပ်၍ အယောင်ဆောင် ခြိမ်းခြောက်ငွေကြေးတောင်းခံခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ၎င်းထံမှသက်သေများနှင့်အတူ သိမ်းဆည်းခဲ့ကြောင်းလည်း သိရသည်။
ထပ်မံ၍ ၎င်းသည် ၄၆ လမ်း၊ ၁၀၅ လမ်းနှင့် ၁၀၆ လမ်း ကြားရှိ လမ်းဘေးရေမြောင်းအတွင်း၌ မန္တလေးတိုင်းရဲတပ်ဖွဲ့၏ တံဆိပ်အဝိုင်းအတု ၁ ခု နှင့် မန္တလေးတိုင်းရဲတပ်ဖွဲ့(မှုခင်းဌာနစိတ်)တာဝန်ခံအရာရှိ တံဆိပ်တုံးအတု ၁ ခုတို့အား စွန့်ပစ်ခဲ့သည်ဟုလည်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သက်သေများနှင့်အတူ သွားရောက်သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ထို့ပြင် ၎င်းနေအိမ်သို့ သက်သေများနှင့်အတူ ဆက်လက်သွားရောက်ရှာဖွေခဲ့ရာ နေအိမ်ဗီရိုအတွင်းမှ ဂက်စ်အိုးအသေးဖြင့် ဘောစေ့ထည့်ပစ်ရသော ခြောက်လုံးပြူးသေနတ် ၁ လက်နှင့် ၎င်းဘောစေ့ပစ် ကျည်တောင့် ၁၂ တောင့်၊ ဂက်စ်အိုးအသေးဖြင့် ဘောစေ့ထည့်ပစ်ရသော ပစ္စတိုသေနတ် ၂ လက်၊ ဂက်(စ်) ဗူးအသေး ၂၀၊ သံဘောစေ့အသေး ၂၀၀ ခန့်၊ ကော်ဘော့စေ့ ၃၀၀၀ ခန့်ပါ အထုပ် ၁ ထုပ်တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသည့် ရဲအယောင်ဆောင် သက်ကိုကိုဦးအား အောင်ပင်လယ်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း ရဲတပ်ဖွဲ့နဲ့နီးစပ်သောအသိုင်းအဝိုင်းထံမှ သိရသည်။