၄ .၄ .၂၀၂၃
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ ခရေပင်ရိပ်မွန်အိမ်ရာအရှေ့တွင် ယာဥ်တိုက်ပြေးမှုဖြစ်ပွားခဲ့ပြီး အတိုက်ခံရသူသေဆုံးခဲ့သည့်ဖြစ်စဥ်တစ်ခု ယမန်နေ့ည ၉ နာရီခွဲအချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း မင်္ဂလာဒုံမြို့နယ် ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူက MT News သို့ ပြောသည်။
ဖြစ်စဥ်မှာ ယမန်နေ့ည ၉ နာရီခွဲဝန်းကျင်တွင် ယာဥ်တိုက်မှုကြောင့် လမ်းဘေးလွင့်ထွက်နေသော အမျိုးသမီးလူနာအား လာရောက်ကူညီပေးပါရန် ရပ်ကွက်အနီးပတ်ဝန်း ကျင်မှနေထိုင်သူများနှင့် ခရေပင်ရိပ်မွန်အိမ်ရာမှ လုံခြုံရေးတာဝန်ထမ်းဆောင်နေသူများ၏ သတင်းပေးအကူအညီတောင်းမှုကြောင့် သေဆုံးသူ၏ ရုပ်အလောင်းအား ပုလဲအရန်မီးသတ်တပ်ဖွဲ့ သူနာတင်ယာဥ်ဖြင့် သွားရောက်သယ်ဆောင်ကူညီခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ရောက်တဲ့အချိန်မှာဒဏ်ရာတွေနဲ့ သေဆုံးနေပါပြီ။ သေသူက မင်္ဂလာဒုံ ၃ (ခ) ရပ်ကွက်မှာပဲ နေတာပါ။ အသက် ၅၀ကျော် အမျိုးသမီး။ လမ်းဖြတ်ကူးတုန်း အတိုက်ခံရတာ ဖြစ်နိုင်ချေများပါတယ်။ သေဆုံးသူမှာက ဦးခေါင်းနောက်စေ့ ကွဲထွက်ဒဏ်ရာ၊ လက်နှစ်ဖက်လုံး ကျိုးတယ်။ ပခုံးအဆစ်ပြုတ်တယ်။ အဲဒီလို ဒဏ်ရာတွေ တွေ့ရပါတယ်”ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
သေဆုံး၏ ရုပ်အလောင်းအား အင်းစိန်ဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ရာ ဆေးရုံမှ PR အမှတ် ၃၀ ဖြင့် လက်ခံထားကြောင်း သိရသည်။