၄. ၄. ၂၀၂၃
Written by Nyein Kyaw
ပြည်တွင်း၌ တည်ထောင်သည့် ကုမ္ပဏီများကို ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု ရှိ မရှိ စိစစ်သွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ကြေညာထားသည်။
ကုမ္ပဏီများနှင့် ဒါရိုက်တာများ၊ ပါဝင်သူများအနေဖြင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများအား လိုက်နာမှု ရှိ မရှိ စိစစ်နိုင်ရန်နှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းစဥ်များအား အထောက်အပံ့ပြုနိုင်ရေးအတွက် DICA က အသိပေးကြေညာခြင်းဖြစ်သည်။
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၉၇ အရ ကုမ္ပဏီတစ်ခု စတင်မှတ်ပုံတင်ပြီးနောက် နှစ်လအတွင်း တင်ပြရမည့် နှစ်စဥ်အစီရင်ခံစာ တင်ပြရာတွင် ကုမ္ပဏီတည်ထောင်ပြီး နှစ်လအတွင်း ကုမ္ပဏီအမည်ဖြင့် ဘဏ်စာရင်းတစ်ခု ဖွင့်လှစ်ရမည်ဖြစ်ကာ MyCO စနစ်တွင် တင်ပြထားသော အစုရှယ်ယာများ၏ ပေးရန်တန်ဖိုး (Paid-Up Capital) အတိုင်း ဘဏ်စာရင်းတွင် ထည့်သွင်းပြီးကြောင်း အထောက်အထား ထည့်သွင်းဖော်ပြရမည်ဖြစ်သည်။
ကုမ္ပဏီဒါရိုက်တာအဖြစ် ဖော်ပြထားသော တစ်ဦးချင်းစီအတွက် နိုင်ငံသားစိစစ်ရေးကတ် မိတ္တူနှင့် ပုံစံ “က” တွင် ဖော်ပြထားသည့် ဒါရိုက်တာ၏ နေရပ်လိပ်စာ၌ အမှန်တကယ်နေထိုင်ကြောင်း သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့၏ ထောက်ခံချက်ကိုပါ ထည့်သွင်းဖော်ပြရန် ကြေညာထားသည်။
နိုင်ငံခြားသားအများအတွက် “၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ၊ မှတ်ပုံတင်ရေး စည်းကမ်းဥပဒေများ” နှင့်အညီ ဆောင်ရွက်ထားရှိသော အထောက်အထား (ဥပမာ- Immigration Form-C) ထည့်သွင်းတင်ပြရန်ဖြစ်သည်။
MyCO စနစ်တွင် ဖော်ပြထားသည့် ကုမ္ပဏီ၏ မှတ်ပုံတင်ရုံးခန်းလိပ်စာသည် မြေပြင်တွင် အမှန်တကယ် တည်ရှိကြောင်းနှင့် ကုမ္ပဏီရုံးခန်းဖွင့်လှစ်ရန် စီစဥ်ဆောင်ရွက်ထားကြောင်း သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့၏ ထောက်ခံချက်ကို ထည့်သွင်းတင်ပြရန်ဖြစ်သည်။
ထို့ပြင် ကုမ္ပဏီ၏ ပါဝင်သူ (အစုရှယ်ယာရှင်)သည် လူပုဂ္ဂိုလ် (Natural Person)ဖြစ်ပါက အထက်ပါအထောက်အထားများနှင့် ပါဝင်သူ (အစုရှယ်ယာရှင်)သည် (Legal Person)/ တရားဝင်အဖွဲ့အစည်း (Legal Entity)ဖြစ်ပါက အဖွဲ့အစည်းနှင့် သက်ဆိုင်သော အထောက်အထားများ ထည့်သွင်းဖော်ပြရမည်ဖြစ်သည်။
အပြည့်အဝ လိုက်နာဆောင်ရွက်ခြင်းမရှိသော နှစ်စဥ်အစီရင်ခံစာတင်ပြမှုများနှင့် စပ်လျဥ်း၍ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၄၃၀ (ဃ) အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။