◾️အိန္ဒိယနိုင်ငံသို့ ဝင်ရောက်ချိန် ပါလာသည့်ဒေါ်လာများ တရားဝင်မကြေညာခဲ့ပါက ဖမ်းဆီးထိန်းသိမ်းမှုများ ဖြစ်ပွားနေ၍ မြန်မာခရီးသွားများ သတိပြုရန်လိုအပ်နေ
၄. ၄. ၂၀၂၃
Written by Thettant
အိန္ဒိယနိုင်ငံသို့ ဝင်ရောက်ချိန် ပါလာသည့်ဒေါ်လာများ တရားဝင်မကြေညာခဲ့ပါက ဖမ်းဆီးထိန်းသိမ်းမှုများ ဖြစ်ပွားနေ၍ အိန္ဒိယနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့်လာရောက်ကြသော မြန်မာခရီးသွားများ သတိထားရန် အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံရုံးက သတိပေးထားသည်။
အိန္ဒိယနိုင်ငံသို့ ဗုဒ္ဓဂယာဘုရားဖူးလာရောက်ကြသူများ၊ ဆေးကုသရန်လာရောက်ကြသူများနှင့် အကြောင်းအမျိုးမျိုးဖြင့် လာရောက်သူများအနေဖြင့် အိန္ဒိယနိုင်ငံသို့ ဝင်ရောက်သည့်အခါ လေဆိပ်တွင် မိမိယူဆောင်လာခဲ့သည့် အမေရိကန် ဒေါ်လာငွေ ပမာဏအား တရားဝင်ကြေညာခြင်း (Declaration) ပြုလုပ်ပြီးမှ ကိုင်ဆောင်ကြပါရန် အလေးအနက် အသိပေးနှိုးဆော်ကြောင်း မြန်မာသံရုံးက သတိပေးသည်။
အိန္ဒိယအစိုးရ၏ Ministry of Finance, Department of Revenue, Central Board of Indirect Taxes and Customs မှ Guide for Travellers တွင် ဖော်ပြထားချက်အရ အိန္ဒိယနိုင်ငံ၏ ဥပဒေအရ ခရီးသည်များအနေဖြင့် အိန္ဒိယနိုင်ငံသို့ ဝင်ရောက်ရာတွင် တားမြစ်ပစ္စည်းများ၊ အကောက်ခွန်ပစ္စည်းများနှင့် သတ်မှတ်အခွန်ကင်းလွတ်ခွင့်ထက် ကျော်လွန်သည့်ပစ္စည်းများပါရှိသည့် ခရီးသည်များအနေဖြင့် Custom Declearation Form အား မဖြစ်မနေဖြည့်သွင်း၍ လေဆိပ်ရှိ Custom Office တွင် တရားဝင်ကြေညာခြင်း (Declaration) မဖြစ်မနေ ပြုလုပ်ရန်လိုအပ်မည်ဖြစ်ကြောင်းနှင့် အမေရိကန်ဒေါ်လာ ၅၀၀၀/- သို့မဟုတ် အမေရိကန်ဒေါ်လာ ၅၀၀/- နှင့်ညီမျှသော နိုင်ငံခြားငွေ အထက်ပိုမိုပါက Declaration ပြုလုပ်ရန်လိုအပ်ကြောင်း ဖော်ပြထားသည်။
ထို့အတွက် အိန္ဒိယနိုင်ငံသို့ ဝင်ရောက်မည့် မြန်မာနိုင်ငံသားများအနေဖြင့် အသေးစိတ်အချက်အလက်များ သိရှိလိုပါက https://www.cbic.gov.in/resources/htdocs-cbec/baggage-rules.pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။
လက်ရှိကာလတွင် ဗုဒ္ဓဂယာသို့ ဘုရားဖူးလာရောက်ကြသည့် မြန်မာနိုင်ငံသားများ ဂယာလေဆိပ်မှ မြန်မာနိုင်ငံသို့ပြန်လည်ထွက်ခွာရာတွင် ဂယာလေဆိပ်ရှိ Immigration Authorities များမှ စစ်ဆေးမှုများပြုလုပ်ရာမှ ဘုရားဖူးများ ယူဆောင်လာသည့် အမေရိကန်ဒေါ်လာများအား အိန္ဒိယနိုင်ငံသို့ ဝင်ရောက်ချိန်တွင် တရားဝင်ကြေညာခဲ့ခြင်းမရှိသဖြင့် အမေရိကန်ဒေါ်လာ လက်ဝယ်တွေ့ရှိသူများအား စစ်ဆေးခြင်း၊ နိုင်ငံခြားငွေများသိမ်းဆည်းခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းခြင်း ဖြစ်စဉ်များ ဖြစ်ပွားလျှက်ရှိနေသည်ဟုလည်း မြန်မာသံရုံးက သတိပေးသည်။
သို့ဖြစ်ပါ၍ အထူးသဖြင့် မြန်မာနိုင်ငံသားဘုရားဖူး ခရီးသွားများနှင့် ဆေးကုသရန် လာရောက်ကြသူများအနေဖြင့် အိန္ဒိယနိုင်ငံ၊ လေဆိပ်သို့ ဝင်ရောက်ချိန်တွင် မိမိယူဆောင်လာခဲ့သည့် ငွေကြေးအား တရားဝင်ကြေညာချက် (Declaration) ပြုလုပ်ပြီးမှသာ ကိုင်ဆောင်သုံးစွဲကြပါရန် အသိပေးနှိုးဆော်အပ်သည်ဟု နယူးဒေလီမြို့ရှိ မြန်မာသံရုံးက အသိပေးချက်ထုတ်ပြန်ထားသည်။