၄. ၄. ၂၀၂၃
Written by Min Mahar
ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းဟန်အား ယမန်နေ့ ဧပြီ ၃ ရက် နံနက်ပိုင်းက သေနတ်ဖြင့် ၁၁ ချက် ပစ်ခတ်ရှင်းလင်းခဲ့ပြီး မန္တလေး PDF AST-MDY အဖွဲ့က အောင်စည်တော်စစ်ဆင်ရေးအဖြစ် သ-တ်ဖြတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
ယင်းအုပ်ချုပ်ရေးမှူးသည် ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ ၁၃၁ လမ်းနှင့် ၅၈ လမ်းထောင့်ရှိ ယင်းပိုင်ဆိုင်သည့် ပုဂ္ဂလိကဆေးခန်းအနီးတွင် တူဖြစ်သူနှင့်အတူရှိနေစဉ် ပစ်ခတ်ခံရပြီး တူဖြစ်သူမှာလည်း ပြင်းထန်သည့် ဒဏ်ရာရရှိကာ စိုးရိမ်ရသောကြောင့် မန္တလေးဆေးရုံကြီးတွင် တက်ရောက်ဆေးကုသနေကြောင်း သတင်းအသေးစိတ်ကို MT News သတင်းဌာနအနေဖြင့် ယမန်နေ့က ဖော်ပြပြီးဖြစ်သည်။
အဆိုပါပစ်ခတ်ခံရသည့် အုပ်ချုပ်ရေးမှူးသည် မန္တလေးမြို့တွင် ကျူးကျော်ဟုဆိုကာ နေအိမ်များကိုဖျက်သိမ်းရာနေရာများ၌ ဦးဆောင်ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့်အပြင် SAC အဖွဲ့နှင့် စီးပွားရေးအရ ပတ်သက်မှုရှိနေသူဖြစ်သည်ဟုလည်း AST-MDY အဖွဲ့က စွပ်စွဲပြောဆိုထားသည်ကို ယင်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ဦးစိုးမင်းဟန်ကို ပစ်ခတ်မှုလုပ်နေချိန်တွင် ဝင်ရောက်တားဆီးသည့် တူဖြစ်သူကိုလည်း လုံခြုံရေးအရ ထပ်မံပစ်ခတ် ကာကွယ်ခဲ့သည်ဟု ဆိုထားသော်လည်း မြေပြင်၌ MT News သတင်းဌာနအနေဖြင့် အခင်းဖြစ်ပွားရာအနီး နေထိုင်သူများအား လိုက်လံစုံစမ်းမေးမြန်းခဲ့ရာတွင် ” အုပ်ချုပ်ရေးမှူးက မနေ့မနက်ပိုင်းက သူ့တူနဲ့အိမ်ကနေ လမ်းလျှောက်လာပြီး သူပိုင်တဲ့ဆေးရုံရောက်တော့ လူလေးယောက်က ရောက်လာပြီး သေနတ်နဲ့ပစ်သွားတာပါ။ မဆိုင်တဲ့သူ့တူကိုပါ တန်းပစ်တာ။ ဟိုကအပြေးမြန်လို့ တစ်ချက်ပဲထိသွားတာပါ။ အခုထိ အသက်အန္တရာယ်စိုရိမ်ရတယ်လို့ ကြားတယ်။ သူတို့ ရေးတင်ထားသလို အုပ်ချုပ်ရေးမှူးတူက ဝင်တားဖို့လုပ်တယ်ဆိုတာမဟုတ်ဘဲ တစ်ခါတည်းပစ်တာပါ”ဟု မျက်မြင်တစ်ဦးက ဆိုသည်။
နောက်နောင်များတွင် SAC အဖွဲ့ဝင်များအပါအဝင် ထောက်ခံနေသည့်ထောက်တိုင်များကိုပါ ၎င်းတို့ “အောင်စည်တော်” မှ တရစပ် ဖယ်ရှားရှင်းလင်းသွားမည်ဖြစ်ကြောင်းနှင့် စစ်ရေးတိုက်ခိုက်မှုများကိုပါ အရှိန်အဟုန်မြင့် လုပ်ဆောင်သွားမည်ဟုလည်း ခြိမ်းခြောက်ထားပြီး ဦးစိုးမင်းဟန်ထံမှ ငွေသားသိန်းချီကိုလည်း AST-MDY က ရှာဖွေ လုယက်ယူဆောင်သွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရပြီး AST-MDY က ထုတ်ပြန်သည့်ပုံတွင်လည်း ကျပ် ၁၀၀၀၀ တန်အထပ်လိုက် ပါဝင်သည်ကို တွေ့ရှိရသည်။
“PDF တွေက တော်လှန်ရေးလို့ဆိုပြီး ဆိုင်တဲ့သူတွေရော မဆိုင်တဲ့သူတွေကိုပါ လူတွေကို ကြက်သ-တ် ငှက်သ-တ်နေကြသလို နေရာပေါင်းစုံကနေ လူသားမဆန်တဲ့လုပ်ရပ်တွေနဲ့ သတ်ဖြတ်နေကြတာ။ နိုင်ငံရေးအတွေးအမြင်ဘယ်လိုရှိရှိ ဘယ်ဘက်ကိုပဲ ရပ်တည်ရပ်တည် အခုလိုလူတွေကို အဓိပ္ပါယ်မရှိသတ်နေရင် ဘယ်အဖွဲ့ကိုပဲဖြစ်ဖြစ် ပြစ်တင်ပြောဆိုရမှာပဲ ” ဟု မန္တလေးမြို့နေ နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။
လက်ရှိအချိန် မန္တလေးမြို့တွင် NUG ဩဇာခံအဖွဲ့ဖြစ်သည့် မန္တလေးအခြေစိုက် PDF အဖွဲ့များသည် အောင်စည်တော်စစ်ဆင်ရေးနှင့် မြနန္ဒာစစ်ဆင်ရေးဟုဆိုကာ အပြစ်မဲ့၊ လက်နက်မဲ့ပြည်သူများအား နည်းပေါင်းစုံဖြစ်ချောင်းမြောင်းသ-တ်ဖြတ်နေကြကြောင်းလည်း သိရသည်။