MT News
Written by Hey Mar
ရန်ကုန်လေဆိပ်တွင် ပြင်ပ Taxi များ ဝင်ရောက်ပြေးဆွဲခွင့်မပြုတော့ဘဲ Grab ကုမ္ပဏီ၏ Application အသုံးပြုသည့် တက္ကစီများကိုသာ ခရီးသည်တင်ဝန်ဆောင်ခွင့်ပြုလိုက်ကြောင်း Grab ကုမ္ပဏီ Call Center တာဝန်ရှိသူက MT News သို့ ပြောသည်။
ဧပြီလ ၃ ရက်နေ့မှ စတင်ကာ ရန်ကုန်လေဆိပ်တွင် Taxi ဆွဲခွင့်လိုင်စင်ကို Grab ကုမ္ပဏီက Airport Management Company ဖြစ်သည့် Aerodrome နှင့် Partnership ပြုလုပ်ခဲ့ကြောင်း သိရသည်။
Grab Call စင်တာမှ တာဝန်ရှိသူက “ပြင်ပတက္ကစီတွေ အလုပ်လက်မဲ့ဖြစ်အောင်၊ စားဝတ်နေရေးထိခိုက်အောင် ပြုလုပ်တာမဟုတ်သလို၊ အဓိကရည်ရွယ်ချက်က ခရီးသည်တွေ ဘေးကင်းလုံခြုံမှုရှိရှိနဲ့ သွားလာနိုင်အောင်ရယ်၊ စည်းစနစ်ကျတဲ့ဝန်ဆောင်မှုတစ်ခုဖြစ်စေအောင် အဓိကရည်ရွယ်ပြီး Airport Management Company ဖြစ်တဲ့ Aerodrome နဲ့ လက်တွဲခဲ့တာပါ။ Grab application ကို အသုံးပြုတဲ့ တက္ကစီတိုင်း လေဆိပ်ခရီးသည် ဝန်ဆောင်မှုပေးခွင့်ရမှာပါ။ နောက်ပြီး Grab ခရီးစဉ်တွေက App ကတစ်ဆင့် အကွာအဝေးအလိုက် System က သတ်မှတ်ထားတာမို့ ပုံသေဈေးနှုန်းကို ကားမငှားခင်က မြင်ရတယ်။ ဒီတော့ ခရီးသည်တွေအတွက် Fair ဖြစ်တယ်။ ခရီးသည်ခေါ်တာ လက်ခံပြီး ခရီးသည်မကြိုပေးတဲ့ မချေမငံ ဆက်ဆံတဲ့ တက္ကစီတွေကို ကျွန်မတို့ ပလက်ဖောင်းကနေ ဖယ်ထုတ်တာတွေလဲ ရှိပါတယ်။ အဓိက,က ကျွန်မတို့စည်းမျဉ်းနဲ့ ကိုက်ညီတဲ့ ဝန်ဆောင်မှုပေးနိုင်တဲ့ တက္ကစီတိုင်း လေဆိပ်ခရီးသည် ရမှာပါ”ဟု MT News ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
လေဆိပ်တက္ကစီအပါအဝင် အဝေးပြေကားဝန်းအတွင်းပြေးဆွဲနေသော တက္ကစီအများစုနှင့် ခရီးသည်များ မကြာခဏ အချေအတင် ဖြစ်ပွားခြင်းများလည်း ရှိနေပြီး စျေးအဆမတန်တောင်းခြင်း၊ လူပိုတင်ခြင်း၊ လမ်းကြောင်းတူ သို့မဟုတ် နီးစပ်ရာ ခရီးသည် ၃၊ ၄ ဦး စုတင်ခြင်းများ ပြုလုပ်ကြသည်ကိုလည်း ခရီးသည်အများစု ခံစားဖူးကြသည့်အတွက် ယခုလို စနစ်တကျ တာဝန်ယူမှု တာဝန်ခံမှုရှိသည့် တက္ကစီယာဥ်လိုင်းရှိသင့်သည်ဟု အဝေးပြေးတက္ကစီ၊ လေဆိပ်တက္ကစီများနှင့် ပတ်သတ်၍ မှတ်ချက်ပြုသည်များလည်း MT News က စုံစမ်းမေးမြန်းချက်များအရ သိရသည်။