MT News
Written by Min Mahar
ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ပိုင်ဆိုင်သောဆေးခန်းရှေ့၌ တူဖြစ်သူနှင့်အတူရှိနေစဉ် သေနတ်သမား ၄ ဦးက ပစ်ခတ်သွား၍ တူဖြစ်သူဒဏ်ရာရကာ ဦးလေးဖြစ်သူ အုပ်ချုပ်ရေးမှူးသေဆုံးမှု ဧပြီလ ၃ ရက် နံနက်ကဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၃ ရက်နေ့ နံနက် ၇ နာရီခွဲကျော်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ ၁၃၁ လမ်းနှင့် ၅၃(C)လမ်းထောင့်ရှိ အသက် ၄၂ နှစ်အရွယ်ခန့်ရှိသော (ဆ)ရပ်ကွက် အုပ်ချုပ်ရေးမှူးပိုင်ဆိုင်သည့် လန်ဒန်၂၄ နာရီဆေးခန်းရှေ့တွင် အသက် ၂၆ အရွယ်ခန့်ရှိသည့် တူဖြစ်သူနှင့်အတူရှိနေစဉ်အတွင်း ဆိုင်ကယ်၂ စီးဖြင့် အမည်မသိအမျိုးသား ၄ ဦးရောက်ရှိလာပြီး ၎င်းတို့ထဲမှ ၃ ဦးက သေနတ်အတို ၃ လက်ဖြင့် ၁၀ ချက်ခန့်ပစ်ခတ်သွားကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
“ပစ်သတ်ခံရတဲ့အုပ်မှူးက သူပိုင်တဲ့ဆေးခန်းရှေ့မှာ တူဖြစ်သူနဲ့အတူရှိနေချိန်မှာ သေနတ်သမား လူငယ်လေးယောက်က လာပစ်သွားတာလို့ပြောတယ်။ သူ့တူကတော့ သေနတ်တစ်ချက်ထိသွားပြီး တော်တော်စိုးရိမ်ရတယ်လို့ကြားတယ်”ဟုဆေးရုံအနီးနေထိုင်သူတစ်ဦးက ဆိုသည်။
အဆိုပါအုပ်ချုပ်ရေးမှူးသည် ဝမ်းဗိုက်အလယ်ကို ဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်၊ ဝဲဘက်ရင်အုံကိုဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ရင်ညွန့်အလယ်တည့်တည့်ကိုလည်းဖောက်ဝင်ခဲ့သည့်ဒဏ်ရာ ၁ ချက်၊ နောက်ကျောကုန်းကိုဖောက်ဝင်ဒဏ်ရာ ၃ ချက်နှင့် ဝဲဘက်ဦးခေါင်းကိုဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ၎င်း၏တူဖြစ်သူမှာမူ ယာဘက်ရှေ့ဗိုက်မှ နောက်ကျောသို့ဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)တို့ ရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ယင်းအခင်းဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး သက်ဆိုင်ရာရဲစခန်းမှ အမှုဖွင့်ထားပြီး တရားခံများအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးပြောပြချက်အရ သိရသည်။