MT News
Written by Min Mahar
Online ငွေလွဲလုပ်ငန်းလုပ်ကိုင်သူအမျိုးသားက ငွေလာလွှဲသည့်အမျိုးသမီးအား သ-တ်ဖြတ်ကာ ကျပ်သိန်း ၂၀၀ နှင့်အတူ Scoopy ဆိုင်ကယ်ကိုပါလုယူသွားမှု မန္တလေးမြို့တွင် ဧပြီလ ၂ ရက် နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြို့ခံသတင်းရင်းမြစ်များထံက သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၂ ရက် မွန်းလွဲ ၁ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွက်၊ အကွက်(၁၄၆)၊ ၁၈ လမ်းနှင့် ၁၉ လမ်းကြား၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြားရှိ နေအိမ်တစ်ခု၌ အိမ်ငှားရမ်းနေထိုင်နေသည့် Online ငွေလဲလှယ်ခြင်းလုပ်ငန်းလုပ်ကိုင်သူ အသက် ၃၀ ကျော်အရွယ်ရှိ အောင်နိုင်ဝေသည် ငွေလာလွှဲသည့် အသက် ၃၇ နှစ်အရွယ် အမျိုးသမီးအား သ-တ်ဖြတ်ကာ သူမ ပါလာသော ငွေကျပ်သိန်း ၂၀၀ နှင့်အတူ Scoopy ဆိုင်ကယ်ကိုပါလုယူပြီး ထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါအမျိုးသမီးသည် အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ငွေလဲလှယ်ဆောင်ရွက်စဥ်အတွင်း ကြိုးဖြင့်တုပ်ကာ သ-တ်ဖြတ်ခဲ့သည့်အတွက်လည်ပင်းကိုပြတ်ရှသည့်ဒဏ်ရာနှင့် ဝဲဘက်ပါးစောင်ကိုပေါက်ပြဲသွားသည့်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သောကြောင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့သ-တ်ဖြတ်သွားသောသူသည် ပုသိမ်ကြီးမြို့နယ်၊ ကုန်းတန်းကျေးရွာတွင် ယခင်ကနေထိုင်သူဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာသို့ ပြောင်းရွေ့ငှားရမ်းနေထိုင်နေသည်မှာ မကြာသေးကြောင်းလည်း သိရသည်။ လက်ရှိတွင် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ငွေနှင့်ဆိုင်ကယ်တို့ကို သ-တ်ဖြတ်လုယက် ယူဆောင်ထွက်ပြေးသွားသော အောင်နိုင်ဝေ အား အမှုဖွင့်ထားပြီး အမြန်ဆုံးဖမ်းမိနိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။