၄. ၄. ၂၀၂၃
Written by Ye Kyaw
မြန်မာ-လာအို နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းကို ၂၀၂၄ ခုနှစ်တွင် ကျိုင်းတုံမြို့အထိလည်း ကောင်း၊ ၂၀၂၆ ခုနှစ်တွင် မိတ္ထီလာမြို့အထိလည်းကောင်း ရောက်ရှိနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောသည်။
ဧပြီ ၃ ရက်တွင် နေပြည်တော်၌ ပြုလုပ်သည့် မြန်မာ-လာအို လျှပ်စစ်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ပြင်ဆင်ချက် လက်မှတ်ရေးထိုးခြင်းအခမ်းအနားနှင့် နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်း စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာမှုပြုလုပ်ရန် Consortium of PISASAI Energy and Mine Investment Pte. Ltd. and Primus Sapphire Power Company Limited သို့ပေးအပ်မည့် Notice to Proceed (NTP) လက်မှတ်ရေးထိုးခြင်း အခမ်းအနားများတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာ-လာအို လျှပ်စစ်ကဏ္ဍ၌ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအား နောက်ထပ်(၅)နှစ်သက်တမ်း တိုးမြှင့်ခြင်းဖြင့် နှစ်နိုင်ငံအကြား လျှပ်စစ်ဓာတ်အား (၆၀၀)မဂ္ဂါဝပ်အထိ သွယ်တန်းနိုင်ရေး စီမံကိန်းများဆိုင်ရာ ဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်းနှင့် မဲခေါင်မြစ်ရေအားလျှပ်စစ်စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ပူးပေါင်းဆောင်ရွက် ကြမည်ဖြစ်ကြောင်း ဦးသောင်းဟန်က ပြောသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာ၏ (၅)နှစ် တာကာလအတွင်း PISASAI and Mine Investment Pte. Ltd. and Primus Sapphire Power Company Limited တို့နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
မြန်မာ-လာအိုနှစ်နိုင်ငံ ဓာတ်အားကွန်ရက် ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အား ပို့လွှတ်/ ရောင်းချနိုင်ရေး စီမံကိန်းအတွက် သိသာထင်ရှားသည့် လုပ်ငန်းတိုးတက် မှုများ လုပ်ဆောင်နိုင်ခဲ့ပြီး နှစ်နိုင်ငံဓာတ်အား ဝယ်ယူ/ရောင်းချရေးတွင် အထက်ပါကုမ္ပဏီနှစ်ခုအပြင် အစိုးရများအနေဖြင့်လည်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။