MT News
၃. ၄. ၂၀၂၃
ရန်ကုန်တိုင်းဒေသကြီး လှိုင်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် ယခုနှစ် သင်္ကြန်ကာလအတွင်း ရောင်းချရန် သိုလှောင်ထားသည့် ငွေကျပ် ၃ ဒသမ ၂ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၂ သိန်း၊ အလေးချိန် (၃၂၀) ကီလို ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ကာလမတိုင်မီ စိတ်ကြွရူးသွပ်ဆေးပြားများ သိုလှောင်ထားရှိကာ လူငယ်များအား ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သတင်းရရှိသဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၃၀ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၁)ရပ်ကွက်၊ ကန်လမ်းရှိ ဟိုတယ်အနီးတွင် တင်မောင်သန်းနှင့် အောင်သူတို့ ၂ ဦးအား SURF မော်တော်ယာဉ်တစ်စီး၊ စိတ်ကြွရူးသွပ်ဆေးပြား ၁ သိန်းနှင့်အတူ စတင်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ညနေ ၄ နာရီတွင် မရမ်းကုန်းမြို့နယ်၊ (၄)ရပ်ကွက်ရှိ အောင်သူ၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃၁ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၂ ဘီလျံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၂ သိန်း၊ အလေးချိန် (၃၂၀)ကီလိုခန့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်လာပြီး မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကာလတွင် လူငယ်များအား ဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။