◾️စကုမြို့နယ် ခန်ကုန်းကျေးရွာတွင် လင်မယားချင်း စကားများ၍ အမျိုးသားက မိမိကိုယ်ကိုယ် ဓာတ်ဆီလောင်းမီးရှို့ရာမှ အိမ်ခြေ ၃၀ကျော် မီးလောင်
၃. ၄. ၂၀၂၃
Written by Hey Mar
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ခန်ကုန်းကျေးရွာ၌ ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်ခန့်က လူနေအိမ် ၃၂ လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ နယ်မြေခံ စကုမီးသတ်စခန်းမှ အချိန်နှင့်တစ်ပြေးညီ သွားရောက်ငြှိမ်းသတ်ရာတွင် စခန်းတွင်း ခန်းမ၌ မင်္ဂလာဆောင်ပွဲ ကျင်းပနေသည့် မီးသတ်တပ်သားတစ်ဦး ပွဲမပြီးခင် သတို့သားဝတ်စုံမှ မီးသတ်ဝတ်စုံ ပြောင်းလဲဝတ်ဆင်ကာ မီးငြိမ်းသတ်ရာသို့ လိုက်ပါခဲ့သည့် ဖြစ်စဥ်ဖြစ်ပေါ်ခဲ့ရသည်။
ထိုဖြစ်စဥ်မှာ စကုမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းတွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများ မီးသတ်တပ်သား ကိုထက်နိုင်ဦးနှင့် မမိုးပြည့်ပြည့်မောင်တို့၏ မင်္ဂလာပွဲ ကျင်းပနေချိန် နံနက် ၁၀ နာရီ ၃၉ မိနစ်ဝန်းကျင်၌ မီးသတင်း ဝင်လာခဲ့သဖြင့် စခန်းရှိ အင်အားအကုန် ထွက်ခွာရသည်ဖြစ်ရာ တစ်ယောက်အင်အား ပါဝင်ပါကလည်း အားတစ်ခုဖြစ်စေသည့်အတွက် သတို့သားဖြစ်သူမှ တာဝန်ကိုမရှောင်လွဲဘဲ အားချင်းလိုက်ပါခဲ့ခြင်းဖြစ်သည်ဟု စကုမြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဝေလင်းက MT News သို့ ပြောသည်။
ဦးဝေလင်းက “ကျွန်တော်တို့စခန်းက တပ်သား ထက်နိုင်ဦး မင်္ဂလာဆောင်နေတုန်း မီးသတင်းက ဝင်လာတာပဲ။ ကျွန်တော်တို့လည်း မင်္ဂလာဆောင်တက်ရောက်နေတဲ့ အချိန်ပေါ့။ စခန်းမှာက မီးသတ်ယာဥ် ၂ စီးရှိတယ်။ မီးသတင်းဝင်လာလာခြင်း ကျွန်တော်တို့ကလည်း နယ်မြေခံ စခန်းဆိုတော့ အားချင်းထွက်ရတာပေါ့ဗျာ။ သတို့သားလည်း ဘယ်နေလို့ရတော့မလဲ လိုက်ရတော့တာပေါ့။ တာဝန်ကိုး။ မီးကများတော့ လူထိခိုက်တာလည်း ရှိပါတယ်။ မီးခိုးမွှန်လို့ အောက်စီဂျင်ပြတ်တာတွေ။ နောက်ပြီး သတို့သား ထက်နိုင်ဦးကိုယ်တိုင်လည်း မီးခိုးကြောင့် နှာခေါင်းသွေးလျှံတာမျိုးဖြစ်ခဲ့တယ်”ဟု ဖြစ်စဥ်ကို ပြောပြသည်။
မီးလောင်မှု ဖြစ်စဥ် ဖြစ်ပွားရသည့် အကြောင်းရင်းမှာ မင်းဘူး(စကု)မြို့နယ် ခန်ကုန်းကျေးရွာ၌ ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်ခန့်က ဦးဝေဖြိုးအောင်သည် နေအိမ်တွင် ၎င်းတို့လင်မယားအချင်းချင်း စကားများရန်ဖြစ်ရာမှ မိမိကိုယ်ကိုယ် ဓာတ်ဆီလောင်းပြီးမီးရှို့ရန် ကြံစည်ရာမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် လူနေအိမ်(၃၂)လုံးနှင့် နွားတင်းကုတ် (၁၁)လုံး၊ လက်တွန်းထွန်စက် (၁)စီး၊ ဆိုင်ကယ် (၁)စီးနှင့် စပါးတင်း (၃၀၀) မီးကူးဆက် လောင်ကျွမ်းခဲ့ရာ ကာလတန်ဖိုး ငွေကျပ် ၆၈,၆၂၄,၀၀၀ ဖိုး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး မိမိကိုယ်ကိုယ် မီးရှို့ရန်ကြံစည်သူ အမျိုးသားတစ်ဦး မီးလောင်ဒဏ်ရာရရှိ၍ ဆေးကုသမှု ခံယူခဲ့ရကာ အိမ်ထောင်စု (၃၄)စုမှ အိမ်ခြေ (၃၂)လုံး၊ လူဦးရေ (၁၄၈)ဦး မီးဘေးသင့်ခဲ့ရကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်ပြည်သူများအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်း/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ ကျေးရွာသို့ သွားရောက်ကာ မီးဘေးသင့် ပြည်သူများနှင့်တွေဆုံ၍ အားပေးစကားများပြောကြားပြီး လိုအပ်သည့် ပံ့ပိုးကူညီမှုများနှင့် ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။