၁၀. ၁၀. ၂၀၂၂
Written by Nay Moe
၁။
၂၀၂၂ ခုနှစ်ရဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုကို မြန်မာ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) က ဆွတ်ခူးနိုင်ဖို့ကို NUG ထောက်ခံသူတွေနဲ့ CDM လှုပ်ရှားသူတွေက မျှော်လင့်ရင်ခုန်ခဲ့ကြတာပါ။မြန်မာ့ CDM သာ နိုဘယ်ငြိမ်းချမ်းရေးဆုရလိုက်ရင် NUG ရဲ့ နွေဦးတော်လှန်ရေးကို တစ်ကမ္ဘာလုံးက အသိအမှတ်ပြုစိတ်ဝင်စားလာမယ်။ ထောက်ခံမှုမြင့်တက်လာပြီး NUG အတွက် လိုအပ်နေတဲ့ ငွေကြေးတွေ ဘယ်နိုင်ငံကမှ မပေးတဲ့အခြေအနေတွေကတော့ ထောက်ပံ့မှုတွေ ရလာမယ်။ CDM လုပ်ခဲ့သူတွေကလည်း ကမ္ဘာသိငြိမ်းချမ်းရေးလှုပ်ရှားသူတွေအဖြစ်နဲ့ အနစ်နာခံရကျိုးနပ်လာမယ် စတဲ့အတွေးတွေနဲ့ မြန်မာ့ CDM ကို နိုဘယ်ဆုရဖို့ မျှော်လင့်ရင်ခုန်ခဲ့ကြတာပါ။ ဒီလို ရင်ခုန်နိုင်အောင်လည်း မြန်မာ့ CDM လှုပ်ရှားမှုကို ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ဖို့အတွက် နော်ဝေနိုင်ငံက ပါမောက္ခ ခြောက်ဦးက ၂၀၂၁ ခုနှစ် မတ် ၂၂ ရက်မှာ နိုဘယ်ဆု ရွေးချယ်ရေးကော်မတီကို အဆိုပြုလွှာတင်ပေးခဲ့တာပါ။ ဒီလိုတင်ပေးခဲ့တဲ့အချိန်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု အဆိုပြုတဲ့ပုဂ္ဂိုလ်တွေထဲက အော်စလို တက္ကသိုလ်က ပါမောက္ခ Kristian Stokke က “စစ်မှန်တဲ့ငြိမ်းချမ်းရေးရနိုင်မယ့် ဒီမိုကရေစီဖော်ဆောင်နိုင်အောင်ဆိုတဲ့ စိတ်ကူးစိတ်သန်း၊ မျှော်လင့်ချက်တွေနဲ့ လူထုကြီးရဲ့ လှုပ်ရှားမှုကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် ဒီမိုကရေစီရေး၊ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် CDM လို့ခေါ်တဲ့ ပြည်သူတွေရဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုဟာ အကြမ်းမဖက် ငြိမ်းငြိမ်းချမ်းချမ်း ဖော်ဆောင်တဲ့လုပ်ရပ်ဖြစ်ပြီး၊ ဒါဟာ ငြိမ်းချမ်းရေးနိုဘယ်ဆု နဲ့ထိုက်တန်နေတာပါပဲ” လို့ RFA သတင်းဌာနကို ဖြေခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၂ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုမှာတော့ မြန်မာ့ CDM ဟာ ဆန်ကာတင်တောင် ပါခဲ့ဟန်မရှိဘဲနဲ့ ၂၀၂၂ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုကို ဘယ်လာရုစ်နိုင်ငံက လူ့အခွင့်အရေး ရှေ့နေ အယ်လီယာ့စ် ဘယ်လီယတ်စကီး (Ales Bialiatski) နဲ့အတူ ရုရှား လူ့အခွင့်အရေးအဖွဲ့တစ်ခု ဖြစ်တဲ့ Memorial ၊ ယူကရိန်း လူ့အခွင့်အရေး အဖွဲ့အစည်း Center for Civil Liberties တို့ကို ပူးတွဲ ချီးမြှင့်လိုက်တာ တွေ့ရပါတယ်။ မြန်မာ့ CDM ဟာ ဘယ်မှာ လမ်းလွဲခဲ့ပါသလဲ။
၂။
၂၀၂၂ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရသူ အယ်လီယာ့စ် ဘယ်လီယတ်စကီးဟာ အသက် ၆၀ ရှိပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ အဖမ်းခံထားရပြီး လောလောဆယ်မှာ သူ့ကို စွဲဆိုထားတဲ့ အမှုတွေကို ရင်ဆိုင်ဖို့ စောင့်နေရပါတယ်။ ဘယ်လီယတ်စကီးဟာ နွေဦးလို့ အဓိပ္ပါယ်ရတဲ့ Viasna လူ့အခွင့်အရေးစင်တာကို ၁၉၉၆ ခုနှစ်မှာ စတင် တည်ထောင်ခဲ့သူပါ။ ဘယ်လာရုစ်ရဲ့ အာဏာရှင် ခေါင်းဆောင်ဖြစ်တဲ့ အလက်ဇန်းဒါး လူကာရှန်ကိုက သူ့ကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကို ပြင်းပြင်းထန်ထန် ဖြိုခွဲခဲ့ပြီးနောက်မှာ သူဟာ Viasna လူ့အခွင့်အရေး အဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။ သူ့ ဘဝ တစ်လျှောက်လုံးမှာ သူ့တိုင်းပြည်အတွင်း ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက် လှုပ်ရှားခဲ့သူ ဖြစ်တယ်လို့ နိုဘယ်ဆုချီးမြှင့်ရေး ကော်မတီက ပြောပါတယ်။ ၂၀၁၁ နဲ့ ၂၀၁၄ အကြားမှာ သူ့ကို အခွန်ရှောင်မှုတွေနဲ့ ပထမအကြိမ် ဖမ်းဆီးထောင်ချတာ ခံခဲ့ရပါတယ်။ ဘယ်လီယတ်စကီးကတော့ ဒီစွဲချက်တွေကို အမြဲတမ်း ငြင်းဆိုခဲ့ပါတယ်။၂၀၂၀ ခုနှစ်အတွင်း အတိုက်အခံတွေနဲ့ လွတ်လပ်တဲ့ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေက မသမာမှုတွေ ရှိတယ်လို့ ပြောခဲ့ကြတဲ့ ဘယ်လာရုစ် ရွေးကောက်ပွဲမှာ လူကာရှန်ကို ဆက်လက် အာဏာစွဲကိုင်ထားစေတဲ့ ရလဒ်ထွက်လာခဲ့ပါတယ်။ ဒါကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အကြီးအကျယ် ဖြစ်ခဲ့ပြီးနောက်မှာ ဘယ်လီယတ်စကီး ထပ်မံဖမ်းဆီး ခံခဲ့ရပါတယ်။ နော်ဝေးက နိုဘယ်ဆု ချီးမြှင့်ရေး ကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ ဘဲရစ်ရီစ်အန်ဒါဆန်ကတော့ ဘယ်လီယတ်စကီးဟာ ဘယ်လာရုစ်မှာ လူ့အခွင့်အရေးအတွက် တလက်မမှ နောက်ဆုတ်မပေးဘဲ တိုက်ပွဲဝင်နေသူ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဘယ်လီယတ်စကီးနဲ့အတူ နိုဘယ်ဆု ပူးတွဲ ချီးမြှင့်ခံရတဲ့ အဖွဲ့တခုကတော့ ယူကရိန်းက Ukrainian Center for Civil Liberties (CGS) လို့ခေါ်တဲ့ လူ့အခွင့်အရေး အဖွဲ့ဖြစ်ပါတယ်။ CGS အဖွဲ့ဟာ ယူကရိန်းက လူ့အခွင့်အရေး လှုပ်ရှားမှုတွေမှာ ဦးဆောင်နေတဲ့ အဖွဲ့အစည်းတစ်ရပ်လည်း ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ အရင် ဆိုဗီယက် ပြည်ထောင်စုထဲက နိုင်ငံ ၉ ခုက လူ့အခွင့်အရေး အဖွဲ့တွေရဲ့ ခေါင်းဆောင်တွေအကြား ကိယဗ်မြို့မှာ အခြေစိုက်တဲ့ နယ်စပ်ဖြတ်ကျော် ရင်းမြစ် ထောက်ပံ့ကူညီရေး ဌာနတခုကို တည်ထောင်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက်မှာ CGS ကို စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအဖွဲ့က ယူကရိန်းကနေ ရုရှားဖဲ့ထုတ်သွားခဲ့တဲ့ ခရိုင်းမီးယား ဒေသအတွင်း နိုင်ငံရေး ဖိနှိပ်မှုတွေကို စောင့်ကြည့်ခဲ့သလို ဒွန်းဘတ်စ်ဒေသအတွင်း ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ ပတ်သက်လို့လည်း မှတ်တမ်းရယူ သိမ်းဆည်းတာတွေ လုပ်ထားကြပါတယ်။ နောက်ပြီး ကရင်မလင်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ တောင်းဆိုတဲ့ နိုင်ငံတကာ လှုပ်ရှားမှုတွေကိုလည်း စီစဉ်ကျင်းပခဲ့ကြပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်းကို စတင် ကျူးကျော်ခဲ့တဲ့ နောက်မှာ Center for Civil Liberties အဖွဲ့က ရုရှားတွေရဲ့ ယူကရိန်း ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို လိုက်လံ ဖော်ထုတ် မှတ်တမ်းတင်မှုတွေ လုပ်ခဲ့ပါတယ်။ ထပ်မံပြီးတော့ နိုဘယ်ငြိမ်းချမ်းရေးဆု ပူးတွဲ ချီးမြှင့်ခံရတဲ့ နောက်တဖွဲ့ကတော့ ရုရှားက လူ့အခွင့်အရေးအဖွဲ့ Memorial ပဲ ဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာ ဒီနှစ် အစောပိုင်းက ဖျက်သိမ်းခံခဲ့ရပါတယ်။ အဲဒီ Memorial အဖွဲ့ဟာ ဆိုဗီယက် ခေတ်အတွင်း အပြစ်မရှိဘဲ ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆို၊ အကျဉ်းချ၊ ကွပ်မျက်ခံခဲ့ရတဲ့ လူ သန်းပေါင်းများစွာကို အမြဲအမှတ်ရနေစေဖို့ အတွက် လှုပ်ရှားခဲ့ကြပါတယ်။သူတို့ လှုပ်ရှားမှုတွေက ရုရှား အာဏာပိုင်တွေကို ကသိကအောက် ဖြစ်စေခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်အတွင်းမှာ ပထမအကြိမ် သတိပေးခံခဲ့ရပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ရုရှား အစိုးရက ပြည်ပ အထောက်အပံ့ ယူနေတယ်လို့ သတ်မှတ်တဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ် တွေရဲ့ နာမည်တွေပါတဲ့ ပြည်ပအားကိုး စာရင်းမှာပါ ထည့်သွင်း ခံခဲ့ရပါတယ်။ သူတို့ Memorial အဖွဲ့ ရဲ့ လူမှုကွန်ရက်တွေအပေါ် တင်တဲ့ ပို့စ်တချို့ထဲမှာ ဥပဒေအရ ပြည်ပအားကိုး မဟုတ်ကြောင်း ဖော်ပြဖို့ ပျက်ကွက်ခဲ့ပြီးနောက်မှာ ပိတ်သိမ်းခံရဖို့အထိ ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ရုရှား တရားရုံးချုပ်က Memorial အဖွဲ့ကို ၂၀၁၂ ပြည်ပအားကိုး ဥပဒေကို ချိုးဖောက်မှုနဲ့ Memorial အဖွဲ့ကို ဒေသဆိုင်ရာ ရုံးခွဲတွေပါ မကျန် ပိတ်သိမ်းဖို့အတွက် အမိန့်ချမှတ်ခဲ့ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ကို ရုံးတော်က ဖတ်ကြားနေစဉ်အတွင်း တရားရုံးထဲမှာ ရှိနေသူတွေဆီက ရှက်စရာလုပ်ရပ်အဖြစ် ဟစ်ကြွေးခဲ့ကြပါတယ်။
၃။
၂၀၂၂ ခုနှစ် နိုဘယ်ဆုရရှိသူတွေရဲ့ အကြောင်းကို ဖော်ပြပြီးချိန်မှာ မြန်မာ့ CDM ဘယ်မှာ လမ်းလွဲခဲ့ပါသလဲဆိုတာကို ပြန်သွားချင်ပါတယ်။ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးအစရက်ပိုင်းမှာပဲ CDM လှုပ်ရှားမှုကို ဆရာဝန်တချို့ ဦးဆောင်စတင်လာပါတယ်။ အဲဒီနောက်မှာတော့ ဆေးရုံတွေပိတ်၊ ကျောင်းတွေပိတ်၊ ဘဏ်တွေပိတ်၊ အစိုးရရုံးတွေ ပိတ်ပြီးတော့ နိုင်ငံ့ဝန်ထမ်းတွေ CDM စတင်ကြပါတယ်။ ဒီနေရာမှာပဲ မြန်မာ့ CDM ဟာ CDM မလုပ်ချင်သူတွေကို ရုံးရှေ့မှာစောင့်ပြီး အရှက်ခွဲတာ ၊ ကျယ်လောင်စွာအော်ဟစ်အရှက်ခွဲတာ၊ CDM မလုပ်ဘူးဆိုရင် လူထုသစ္စာဖောက်ပုံစံ ပြောဆိုဆက်ဆံတာတွေ လုပ်လာခဲ့တာကို ဖေဖော်ဝါရီ၊ မတ်လပတ်လည်မှာ တွေ့မြင်ရပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေတင်မက ပုဂလိကဝန်ထမ်းတွေ ဘဏ်ဝန်ထမ်းတွေကိုပါ ဖိအားပေးနိုင်ခဲ့လို့ ပုဂ္ဂလိကဝန်ထမ်းတွေကပါ CDM လုပ်ရတယ်ဆိုတဲ့ အဆင့်အထိရောက် လာခဲ့တာ တွေ့ရပြီး CDM လုပ်သူတွေ ကြွေးကြော်တဲ့ ”လုံးဝအုပ်ချုပ်လို့ မရစေရ” ဆိုတဲ့ အခြေအနေနားကို ရောက်လာတာလည်း တွေ့ရပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေ လေးငါးသိန်းလောက် CDM လုပ်လာပြီး ပုဂ္ဂလိကဝန်ထမ်းတွေပါ ပါလာတဲ့ CDM ရဲ့ အင်အားကောင်းမှုမှာ လုပ်ငန်းရပ်ဆိုင်းဖို့ ပိတ်လိုက်ရတဲ့ ဆေးရုံတွေကြောင့် ပြည်သူများစွာ သေကြေ ပျက်စီးခဲ့ရမှုဖြစ်စဉ်တွေ၊ မီးသတ်ဝန်ထမ်းတချို့ CDM လုပ်လို့ မီးလောင်ဆုံးရှုံးရတာတွေ၊ မီးလောင်နေလို့ သွားရောက်ငြှိမ်းသတ်တဲ့ မီးသတ်ဝန်ထမ်းတချို့ကို စစ်အာဏာရှင်ယန္တရားလည်ပတ်အောင်လုပ်ပေးနေသူတွေလို့ သမုတ်ပြီး တိုက်ခိုက်တာကြောင့် မလောင်သင့်ဘဲ မီးလောင်ကျွမ်းပျက်စီးခဲ့ရတဲ့ နေအိမ်တွေ၊ ဘဏ်တွေမှာ ဝန်ဆောင်မှုပေးနေတဲ့ ဝန်ထမ်းတွေကို တိုက်ခိုက်ရှုတ်ချတာကြောင့် ငွေကြေးလည်ပတ်မှုရပ်တန့်သွားပြီး တော်လှန်ပြည်သူတွေကိုယ်တိုင် ကိုယ့်ငွေကိုယ်အမြတ်ပေးထုတ်ရတာ၊ နေပူလယ်ခေါင်မှာ တနေကုန်တန်းစီတိုးရတာတွေ ဆက်ဖြစ်လာခဲ့ပါတယ်။ အော်စလို တက္ကသိုလ်က ပါမောက္ခ Kristian Stokke က “မြန်မာ့ CDM ဟာ အကြမ်းမဖက် ငြိမ်းငြိမ်းချမ်းချမ်း ဖော်ဆောင်တဲ့လုပ်ရပ်ဖြစ်ပြီး၊ ဒါဟာ ငြိမ်းချမ်းရေးနိုဘယ်ဆု နဲ့ထိုက်တန်နေတာပါပဲ” လို့ ဖြေခဲ့တာနဲ့ မတ်လကုန်နဲ့ ဧပြီလထဲမှာ ဆန့်ကျင်ဖက်စဖြစ်လာပြီး မေလလောက်ကစလို့ နိုင်ငံ့ဝန်ထမ်းတာဝန်ဆက်လက်ထမ်းဆောင်သူတွေကို၊ နိုင်ငံ့ဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေကို စစ်အာဏာရှင်ယန္တရားလည်ပတ်အောင် လုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေ စတင်လာခဲ့ပါတယ်။ ဒီနေရာမှာ မြန်မာ့ CDM ဟာ နိုဘယ်ဆုရွေးချယ်ရေးကော်မတီကို နော်ဝေနိုင်ငံက ပါမောက္ခ ခြောက်ဦးက နိုဘယ်ငြိမ်းချမ်းရေးဆုပေးဖို့ အဆိုပြုလွှာတင်ပေးခဲ့တဲ့အခြေအနေနဲ့ လုံးဝ ကွဲလွဲနေသွားတာကို တွေ့လာရပါတယ်။ NUG ဟာ ကာကွယ်ရေးဝန်ကြီးဌာနဖွဲ့စည်းပြီး ပကဖတွေ PDF တွေ ဖွဲ့စည်းပြီးချိန်မှာတော့ အားလုံးသိကြတဲ့အတိုင်းပဲ Non CDM နိုင်ငံ့ဝန်ထမ်း ရာနဲ့ချီဟာ အကြမ်းဖက်စစ်ကောင်စီယန္တရားကို လည်ပတ်အောင်လုပ်ဆောင်တဲ့ သူလျှို၊ ဒလန်ဆိုတဲ့ စွပ်စွဲချက်နဲ့ သတ်ဖြတ်ခံရမှုတွေဖြစ်လာခဲ့ပါတယ်။ ဒီလိုမျိုး Non CDM တွေကို သူလျှို၊ ဒလန်ဆိုပြီး စွပ်စွဲသတ်ဖြတ်မှုတွေကြောင့် နွေဦးတော်လှန်ရေး လပေါင်း ၂၀ အတွင်းမှာကို ရဟန်းသံဃာ၊ သီလရှင်ကအစ၊ ထွေအုပ်တွေ၊ ရပ်ကျေးတွေ ဝန်ထမ်းတွေ အလယ်၊ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ ကျောင်းသားအဆုံး အပြစ်မဲ့ ပြည်သူ ၄၀၀၀ လောက်ဟာ သူလျှို၊ ဒလန်၊ အကြမ်းဖက်စစ်ကောင်စီယန္တရား အားပေးထောက်ခံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီနေ့အထိလည်း သတ်ဖြတ်ခံနေရဆဲဖြစ်သလို မြန်မာ့ CDM ရဲ့ အစ အကြမ်းမဖက် ငြိမ်းငြိမ်းချမ်းချမ်းအခြေအနေဖြစ်ပေမဲ့ အလယ်လောက်မှာတင်အကြမ်းဖက်လာပြီး လက်ရှိအချိန်အထိ အပြစ်မဲ့ နိုင်ငံ့ဝန်ထမ်းများစွာ ကိုယ့်တာဝန်ကိုယ်ထမ်းဆောင်မှုကို သူလျှို ဒလန်စွဲချက်နဲ့ သတ်ဖြတ်ခဲ့မှုတွေက မြန်မာ့ CDM ကို နိုဘယ်ငြိမ်းချမ်းရေးဆုနဲ့ လမ်းလွဲစေခဲ့ပါတယ်။
၄။
လက်ရှိအချိန်အထိ ကြည့်မယ်ဆိုရင်လည်း “နှစ်ပတ်လောက် တောင့်ခံရင် ဒီအစိုးရ ပြုတ်ကျပြီ” ဆိုတဲ့ စကားကို ယုံစားမိတဲ့ ဝန်ထမ်းတွေ၊ ”အိမ်မှာပဲ ထိုင်နေပါ လစာထောက်ပံ့ပါမယ်” ဆိုတဲ့ မြူဆွယ်စကားကို ယုံမှားမိတဲ့ ဝန်ထမ်းတွေဟာ အလုပ်ပြုတ်၊ ထောင်ကျ၊ မိသားစုကစဉ့်ကလျားနဲ့ ဘ၀ပျက်နေကြသလို ဘယ်အစိုးရကိုမှ သစ္စာမခံဘဲ နိုင်ငံ့အပေါ် သစ္စာရှိမိတဲ့ Non CDM ဝန်ထမ်းတွေဟာလည်း NUG က အလုပ်ထုတ်လိုက်၊ အရေးယူလိုက်၊ သူလျှိုဒလန်ဆိုပြီး စွပ်စွဲသတ်ဖြတ်ခံရလိုက်နဲ့ ကျောမလုံတဲ့ အခြေအနေ ဆက်ဖြစ်နေဆဲဖြစ်ပါတယ်။
ဒီလိုဖြစ်စဉ်တွေအားလုံးဟာ CDM ကနေ စတာဖြစ်လို့ အကြမ်းမဖက်ဆန္ဒပြမှုကနေ အကြမ်းဖက်သတ်ဖြတ်ခံရတာတွေ ဆက်ဖြစ်လာတဲ့ အခြေအနေမှာ မြန်မာ့ CDM ကိုသာ နိုဘယ်ငြိမ်းချမ်းရေးဆုပေးလိုက်ရင် အကြမ်းဖက်သတ်ဖြတ်မှုတွေကို နိုဘယ်ငြိမ်းချမ်းရေးဆုရွေးချယ်ရေးကော်မတီကိုယ်တိုင်က ထောက်ခံပေးနေတယ်ဆိုတဲ့ အခြေအနေဖြစ်လာမှာစိုးလို့ပဲ လမ်းလွဲခဲ့တဲ့ မြန်မာ့ CDM ဟာ နိုဘယ်ငြိမ်းချမ်းရေးဆုနဲ့ ဝေးခဲ့ရတာဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။
သေချာတာကတော့ ကမ္ဘာက ထောက်ခံတဲ့ CDM ဟာ အကြမ်းမဖက် ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြတဲ့ CDM ကိုသာဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းတွေ ပြည်သူတွေကို သူလျှို၊ ဒလန်ဆိုပြီး စွပ်စွဲသတ်ဖြတ်နေတဲ့ CDM မဟုတ်ဘူးဆိုတာပါပဲ။
ကိုးကား။ (၁) RFA Burmese (CDM လှုပ်ရှားမှု ကမ္ဘာအတွက်ပါ အရေးကြီးလို့ နိုဘယ်ဆုနဲ့ ထိုက်တန်ကြောင်း နော်ဝေပါမောက္ခပြော)
(၂) BBC News မြန်မာ ( ၂၀၂၂ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်များ)