၂၈. ၃ .၂၀၂၃
Written by Hey Mar
ယနေ့ မတ်လ ၂၈ ရက် နံနက်အစောပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယာဥ်တစ်စီးမှလူကို တိုက်ပြီးထွက်ပြေးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း တာချီလိတ်အခြေစိုက် ပရဟိတ အသင်းမှသိရသည်။
ဖြစ်စဥ်မှာ တာချီလိတ်မြို့ ဟောင်လိတ် – သားငယ် ဝပ်ရှော့လမ်းမှ ပါလျှံ(၂)ဘက်သို့ သွားရာလမ်းဆုံတစ်ခုတွင် ကားတစ်စီးမှ လူကိုတိုက်ပြီး ထွက်ပြေးသွားရာ ပျံကျနေထိုင်သူ ခန့်မှန်း အသက် ၄၀ ကျော် (အမည်မသိရသေး ) အမျိုးသားတစ်ဦး နေရာတွင်ပင် ဦးခေါင်းပွင့်လျှက် သေဆုံးသွားကြောင်း သိရသည်။
ထိုဖြစ်စဥ်ကို မြင်တွေ့သူက ဦးလှမိုးတာချီလိတ် ပရဟိတအဖွဲ့အား အကြောင်းကြား အကူအညီတောင်းခံလာသဖြင့် ပရဟိတအဖွဲ့မှ ယာဥ်ထိန်းရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ကြောင်း၊ တာဝန်ရှိသူများ လာရောက် စစ်ဆေးဆောင်ရွက်ပြီး သေဆုံးသူအား ဦးလှမိုးတာချီလိတ် ပရဟိတ အသင်းပိုင် သူနာတင်ယာဥ်ဖြင့် တာချီလိတ်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။