၂၇. ၃. ၂၀၂၃
Written by Peya
ထိုင်းနိုင်ငံတွင် ဆေးဝါးကုသနေရသည့် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီး၏ ကျန်းမာရေးမှာ မစိုးရိမ်ရသော အခြေအနေသို့ ရောက်ပြီ ဖြစ်ကြောင်း MT News သတင်းဌာနက စုံစမ်းသိရှိရသည်။
လက်ရှိ ဆရာတော်ကြီး၏ ဆေးဝါးကုသနေရသော အခြေအနေနှင့် ပတ်သက်၍ Bangkok ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေရခြင်း ဖြစ်ကာ ဆရာတော်ကြီး၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လာပြီ ဖြစ်ကြောင်း နှင့် မစိုးရိမ်ရသော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဆရာတော် နှင့် နီးစပ်သူများထံက သိရသည်။
ဆရာတော်ကြီးသည် ဆေးဝါးကုသမှု ခံယူရန်အတွက် မတ်လ ၂၅ ရက်တွင် ရန်ကုန်မြို့မှ ဘန်ကောက်မြို့သို့ ကြွရောက်တော် မူခဲ့ပြီးနောက် ဆေးဝါးကုသမှု ခံယူခဲ့ရခြင်းဖြစ်ကာ ဆရာတော်ကြီးအနေဖြင့် ဘန်ကောက်တွင် မည်မျှ ကြာကြာ သီတင်းသုံးမည် ကို သိရခြင်း မရှိသေးပေ။
ဆရာတော်ဘုရားကြီး ထိုင်းနိုင်ငံသို့ ရောက်ရှိစဉ် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး ဆေးဝါးကုသစရိတ်နှင့် လိုအပ်သမျှအလှူရှင် အဖြစ် KAKI international company ၏ ဥက္ကဋ္ဌ Dr Teo က တာဝန်ယူထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။