မြန်မာနှစ်ဦးအပါအဝင် သုံးဦးကို ကယ်ဆယ်နိုင်ခဲ့
MT News
မြန်မာအလုပ်သမားများပါသည့် ငါးဖမ်းလှေနှင့် ရေနံတင်သင်္ဘော တိုက်မိခဲ့ရာ တစ်ဦးသေဆုံးကာ တစ်ဦးပျောက်ဆုံးနေသော်လည်း မြန်မာနှစ်ဦးအပါအဝင် သုံးဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ရွှေ့ပြောင်း မြန်မာအလုပ်သမားများအရေးဆောင်ရွက်နေသူများထံမှ သိရသည်။
ဖြစ်စဥ်မှာ ပြီးခဲ့သည့် မတ်လ ၂၁ ရက် ညပိုင်းတွင် ထိုင်းနိုင်ငံ ချွန်ဖွန်ခရိုင်အတွင်း ထိုင်းရေပိုင်နက်ကမ်းလွန်ပင်လယ်ပြင် မိုင် ၂၀ ခန့်အကွာတွင် တိုက်မိမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူ ကိုမိုးက ပြောသည်။
တိုက်မိသော ရေနံတင်သင်္ဘောမှာ အလေးချိန် ၁၄၀၁ တန် ရှိ Ocean Marine ရေနံတင်သင်္ဘောကြီးဖြစ်ပြီး ငါးဖမ်းစက်လှေမှာ အလေးချိန် ၃၅ ဒသမ ၀၄ တန်သာ ရှိကာ ယင်းငါးဖမ်းလှေပေါ်၌ ထိုင်းနိုင်ငံသားနှစ်ဦး၊ လာအိုနိုင်ငံသားတစ်ဦး၊ မြန်မာနိုင်ငံသားနှစ်ဦး လိုက်ပါခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
“ထိုင်းက ငါးဖမ်းစက်လှေနဲ့ ရေနံတင်သင်္ဘော တိုက်မိတာလို့ သိရတယ်။ ကျွန်တော်တို့လည်း သတင်းတွေ တွေ့ရတယ်လေ။ ကိုယ့်နိုင်ငံသားတွေလည်း ထိုင်းက ငါးဖမ်းစက်လှေတွေပေါ်မှာ အများကြီးရှိတယ်။ အန္တရာယ်က အမျိုးမျိုးရှိတယ်။ အခု ဖြစ်သွားတာမှာတော့ တစ်ယောက်က ခေါင်း ပြတ်ထွက်သွားပြီးတော့ သေတာတဲ့။ ထိုင်းလူမျိုးတစ်ယောက်ကတော့ ပျောက်နေတယ်။ မြန်မာနိုင်ငံသားနှစ်ယောက်နဲ့ နောက်တစ်ယောက်က အသက်ရှင်တယ်လို့ ကျွန်တော်တို့ သိရတယ်”ဟု ယင်းကဆိုသည်။
ထိုဖြစ်စဥ်တွင် အသက် ၆၄ နှစ်အရွယ် ထိုင်းနိုင်ငံသား တစ်ဦး၊ မြန်မာနိုင်ငံသားများဖြစ်ကြသော အသက် ၄၆ နှစ်အရွယ် ကိုချစ်သန်းနှင့် အသက် ၃၃ နှစ်အရွယ် ကိုဦး တို့ကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပြီး အသက် ၅၀ အရွယ် လာအိုနိုင်ငံသားမှာ ဦးခေါင်း ပြတ်၍ သေဆုံးသွားခဲ့ကာ အသက် ၆၂ နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။