မိုင်းစလည်ပင်းထိသော လူနာနှစ်ဦး အနီရောင်အဆင့် စိုးရိမ်ဒဏ်ရာရ
MT News
ရွှေဘိုမြို့နယ်တွင် မတ်လ ၂၅ ရက် တစ်နေ့တာအတွင်း ခရီးသည်တင်ယာဥ်နှစ်စီးနှင့် ဆိုင်ကယ်တစ်စီး မိုင်းထိမှုဖြစ်ပွားပြီး ရဟန်းတစ်ပါးအပါအဝင် ခြောက်ဦးဒဏ်ရာရခဲ့ကာ နှစ်ဦးမှာ အနီရောင်အဆင့်စိုးရိမ်ရဒဏ်ရာများရရှိခဲ့ကြောင်း မြန်မာနိုင်ငံ Rescue လူမှုကယ်ဆယ်ရေးအဖွဲ့ရွှေဘိုခရိုင်၏ ထုတ်ပြန်ထားမှုအရ သိရသည်။
ပထမဖြစ်စဥ်မှာ တဂဏန်းရွာနှင့်ဇီးတောရွာကြား မန္တလေးမှ ရွှေဘိုသို့လာသော ဒို့လူပျိုခရီးသယ်တင်ယာဥ် ကားမိုင်းနင်းမိ၍ လူနာများရှိကြောင်း အောင်မြေဘုရားနားရောက်နေပြီး လူနာများလာရောက်ကူညီခေါ်ဆောင်ပေးပါရန် အကူညီတောင်းခံချက်အရ မြန်မာနိုင်ငံ Rescue လူမှုကယ်ဆယ်ရေးအဖွဲ့ ရွှေဘိုခရိုင်မှ သွားရောက်ကူညီခဲ့ရာ ဆရာတော်တစ်ပါးမှာ ညာဘက်မျက်ခွံအောက်ပေါက်ပြဲ(အခြေနေမသိရသေး) ဒဏ်ရာရရှိထားပြီး အမျိုးသမီးနှစ်ဦးအနက် တစ်ဦးမှာ ဘယ်နဖူးပေါက်ပြဲဒဏ်ရာနှင့် ကျန်တစ်ဦးမှာ မစိုးရိမ်ရဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရ၍ ဒဏ်ရာရထားသူများအား ရွှေဘိုဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အခြားသောဖြစ်စဥ်တစ်ခုမှာ ထို တဂဏန်းရွာနှင့်ဇီးတောရွာကြားတွင်ပင် နောက်ထပ်မိုင်းထိ၍ လူနာများရှိကြောင်း ကားသမားများပြောပြချက်အရ တဂဏန်းရွာနှင့်ဇီးတောရွာအကြား သွားရောက်ကြည့်ရှုရာ ရွှေမိဆီဆိုင်အနီး မိုင်းထိထားသည့် အောင်ရတနာခရီးသည်တင်ယာဉ်ပေါ်မှ ဒဏ်ရာရထားသည့် အမျိုးသားနှစ်ဦးကို တွေ့ရှိခဲ့ရပြီး တစ်ဦးမှာ ခြေနှစ်ဖက်ပေါက်ပြဲဒဏ်ရာရထားကာ မစိုးရိမ်ရသော်လည်း ကျန်တစ်ဦးမှာ ဘယ်လည်ပင်းပေါက်ထွက်ဒဏ်ရာရကာ အနီရောင်အဆင့် စိုးရိမ်ရဒဏ်ရာများ ရရှိထားကြောင်း သိရသည်။
ထိုဖြစ်စဉ်နှင့် မနီးမဝေးတွင် မိုင်းထိထားသော ဆိုင်ကယ်နှင့် လူတစ်ဦးရှိနေသေးကြောင်း ကားသမား များပြောပြချက်အရ သွားရောက်ကူညီရာ ဆိုင်ကယ်မိုင်းထိထားမှုကြောင့် အမျိုးသားလူနာတစ်ဦးမှာ ညာဘက် လည်ပင်းပေါက်ပြဲဒဏ်ရာ၊ ခြေထောက်ပေါက်ပြဲဒဏ်ရာများဖြင့် အနီရောင်အဆင့် စိုးရိမ်ရဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရကြောင်း သိရသည်။
ထိုဖြစ်စဥ်တွင် မိုင်းထိသော ခရီးသည်တင်ယာဥ်နှစ်စီးနှင့် ဆိုင်ကယ်တစ်စီးတို့မှ ဆရာတော်အပါအဝင် လူနာခြောက်ဦးကို မြန်မာနိုင်ငံ Rescue လူမှုကယ်ဆယ်ရေးအဖွဲ့ ရွှေဘိုခရိုင်မှ အုပ်ချုပ်ရေးယာဉ်တစ်စီး၊ လူနာတင်ယာဉ် ၁ စီး၊ အထောက်အကူပြုယာဉ် ၁ စီးတို့ဖြင့် လူနာများအား လိုအပ်သည်များ ပြုစုကုသ၍ ရွှေဘို ဆေးရုံကြီး OPD သို့ ကူညီပို့ဆောင်ခဲ့ပြီး လူနာတစ်ဦးထံမှ ပိုက်ဆံ ၁၄၀၀၀၀ နှင့် ဖုန်း၊ မှတ်ပုံတင်အား ဆေးရုံ OPD သို့ အပ်နှံထားခဲ့ကြောင်းနှင့် လူနာအသီးသီး၏ လူနာရှင်များနှင့် အဆက်အသွယ်ရရှိပြီဖြစ်ကြောင်း သိရသည်။
“ရွှေဘိုဘက်မှာက နေရာအနှံ့ မိုင်းကွင်းလိုဖြစ်နေတာပါ။ မြို့ပေါ်ကကျော်သွားတာနဲ့ ကားလမ်းတွေမှာ မိုင်းတွေအပြည့်ဖြစ်နေတာမျိုးပေါ့။ ဒီနေ့လို မနက်ခင်းကနေ နေ့လည်လောက်အထိ ခရီးသည်တင်ယာဥ်နှစ်စီးမိုင်းထိပြီး ဆိုင်ကယ်တစ်စီးပါ ဆက်တိုက်မိုင်းထိတယ်ဆိုတာကိုက ဒီဒေသမှာ အခြေအနေဘယ်လောက်ဆိုးတယ်ဆိုတာကို ပြနေတာပါ” ဟု ရွှေဘိုခရိုင် လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။