MT News
Written by Tha Doe
ဘတ္ထရီလျှပ်စစ်ကားများ အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် လာမည်ဘဏ္ဍာနှစ်တွင် ဆက်လက်ကင်းလွတ်ခွင့်ပြုရန် ၂၀၂၃ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် ထည့်သွင်းဆောင်ရွက်ရေး လုပ်ဆောင်နေသည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန အခွန်ဆိုင်ရာဝန်ဆောင်မှုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဂျွန်စိန်ဂီက ပြောသည်။
“၂၀၂၂ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေနဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်ကစပြီး ဘတ္ထရီလျှပ်စစ်ကားတွေကို (Battery Electric Vehicle-BEV)ကို ပြည်ပကတင်သွင်းခြင်း၊ ပြည် တွင်းမှာတပ်ဆင်ထုတ်လုပ်ရောင်းချခြင်းများနဲ့ ပြည် တွင်းမှာဝယ်ယူရောင်းချခြင်းတို့အပေါ် အထူးကုန်စည်ခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် ဘတ္ထရီလျှပ်စစ်ကား(Battery Electric Vehicle-BEV) မှာ တပ်ဆင်အသုံးပြုတဲ့ဘတ္ထရီ(Battery) တွေကိုလည်း ပြည်ပကတင်သွင်းခြင်း၊ ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချခြင်းနဲ့ ပြည်တွင်းမှာဝယ်ယူရောင်းချခြင်းအပေါ် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ပြုထားပြီးဖြစ်ပါတယ်။ ဆက်လက်ပြီး လာမဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ကင်းလွတ်ခွင့်ပြုနိုင်ရေး ၂၀၂၃ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေမှာ ထည့်သွင်းဆောင်ရွက်ဖို့လုပ်ဆောင်နေပါတယ်”ဟု ဦးဂျွန်စိန်ဂီက ပြောသည်။
ဘတ္ထရီလျှပ်စစ်ကား(Battery Electric Vehicle- BEV) များကို အကောက်ခွန်နှင့်ပတ်သက်သည့်သက်သာခွင့်အစီအစဉ်များကို ဆောင်ရွက်ပေးလျှက်ရှိရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂-၁၁-၂၀၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၉၀/၂၀၂၂ ဖြင့် ပြည်ပမှ Completely Built Up-CBUစနစ်၊ Completely Knocked Down-CKD စနစ်နှင့် Semi-Knocked Down-SKD စနစ်တို့ဖြင့် တင်သွင်းသည့် ဘတ္ထရီမှလျှပ်စစ်စွမ်းအင်ကိုရယူမောင်းနှင်သည့်လျှပ်စစ်သုံးယာဉ်(Battery Electric Vehicle-BEV) အမျိုးအစားများအတွက် မြန်မာ့အကောက်ခွန်နှုန်းစာရင်း၂၀၂၂ တွင် သတ်မှတ်ထားသော အကောက်ခွန်နှုန်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သုညရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်ထားသည်။
ထို့အတူ လာမည့်ဘဏ္ဍာနှစ်အစ ဧပြီ ၁ ရက်မှစတင်ပြီး ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်အထိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အပါအဝင် BOT စနစ်ဖြင့် ဆောင်ရွက်နေသော လမ်းတံတားများ၊ အခြားပြည်ထောင်စုလမ်းနှင့် တိုင်းဒေသကြီး/ပြည်နယ်များ လမ်း/တံတားအားလုံးတွင် လျှပ်စစ်ကားယာဥ်များ လမ်း/တံတား အသုံးပြုခွင့်ကို ၁၀၀ ရာခိုင်နှုန်း (လုံးဝ) လုံးဝကောက်ခံမည်မဟုတ်ကြောင်း သိရသည်။
ထို့အတူ လျှပ်စစ်ယာဥ်များ ကနဦးမှတ်ပုံတင်ခြင်းကိုလည်း ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ၁၀၀ ရာခိုင်နှုန်း ဘီးခွန်ကင်းလွတ်ခွင့်၊ လမ်းအသုံးပြုခ၊ တန်ပိုကြေး၊ မြို့ဝင်ကြေး၊ အရောင်းပြခန်း၊ ပစ္စည်းခွန်၊ လုပ်ငန်းလိုင်စင်၊ ညအိပ်ခ စသည်တို့အပေါ် အခွန်အခ ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။