၂၇. ၃. ၂၀၂၃
Written by Nyein Kyaw
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလမြစ်ကူးတံတား၏ ချဉ်းကပ်တံတား၊ ချဉ်းကပ်လမ်းနှင့် ဆင်ခြေလျှောတံတားများ တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးစီးရန် ဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ သိရသည်။
“လက်ရှိတည်ဆောက်နေမှုက ရန်ကုန်ဘက်ခြမ်းမှာ ချဉ်းကပ်တံတား ပီစီဂါဒါ(Girder)တွေ အားလုံးတင်ပြီး ကွန်ကရစ်တက်ဆလပ်(concrete test sculpt)လောင်းပြီး ဖြစ်ပါတယ်။ ဆင်ခြေလျှောတံတားနှစ်စင်းကိုလည်း သံမဏိသံပေါင် ယက်မတင်တဲ့လုပ်ငန်းတွေ လက်ရှိဆောင်ရွက်နေပြီးတော့ မကြာမီမှာ ချဉ်းကပ်တံတား၊ ချဉ်းကမ်းလမ်းပိုင်းတွေ ဆောင်ရွက် ပြီးစီးသွားမှာဖြစ်ပါတယ်” ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက ပြောကြားသည်။
ဒလဘက်ခြမ်း ချဉ်းကပ် တံတားအရှည်သည် ၅၇၇ မီတာရှိပြီး ရန်ကုန်ဘက်ခြမ်း ချဉ်းကပ်တံတားအရှည်သည် ၆၀၁ မီတာ၊ ရေလယ်ပင်မတံတား အရှည်သည် ၆၉၀ မီတာဖြင့် စုစုပေါင်းတံတားအရှည် ၁၈၆၈ မီတာ (၆၁၄၄ ပေ)ရှိကာ ဆင်ခြေလျှောတံတားများ အကျယ်သည် ၂၃ ပေဖြစ်သည်။
တံတား၏ပင်မတံတားမှာ ရေလယ်ခေါင်မှာရှိသည့် PY-1 နှင့် PY2 ဖြစ်ပြီး ပင်မတံတားသည် အမြင့်မီတာ ၁၃၀ ကျော်အမြင့်ရှိကာ လက်ရှိတွင် PY-1 သည် မီတာ ၅၀ အမြင့်အထိရောက်ရှိနေပြီး ရန်ကုန်ဘက်ခြမ်းရှိ PY2 သည် ၄၅ မီတာနီးပါး ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။
“သံမဏိကြိုးဆိုင်းတံတားဟာ ပင်မတံတားကြီးဖြစ်ပြီးတော့ ယခုနှစ်စက်တင်ဘာလမှာစတင်ပြီး အပိုင်းလိုက် ကေဘယ်လ် ကြိုးများ စတင်တပ်ဆင်တည်ဆောက်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
မြန်မာနိုင်ငံရှိ သံမဏိကြိုးဆိုင်းတံတားများတွင် ရန်ကုန်-ဒလမြစ်ကူးတံတားသည် အကြီးဆုံးနှင့်အရှည်ဆုံးဖြစ်ပြီး တံတားအရှည်မှာ ၁၈၆၈ မီတာ၊ အကျယ် ၂၆ ဒသမ ၅ မီတာရှိသည်။ သံကူကွန်ကရစ် ကိုယ်ထည်အပေါ်တွင် သံမဏိကြိုးဆိုင်းဖြင့် ဘိုးပိုင်အုတ်မြစ်တံတားတစ်ခုဖြစ်ပြီး တံတား၏ တစ်ဖက်တစ်ချက်တွင် ၄ မီတာကျယ်ဝန်းသော လူသွားလမ်းပလက်ဖောင်း အသွား၊ အပြန်ပါရှိ၍ တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်သည်။ အဆိုပါ ဒလတံတား တည်ဆောက်ခြင်းလုပ်ငန်းများသည် လာမည့် ၂၀၂၄ ခုနှစ်အတွင်း ရာနှုန်းပြည့်ပြီးစီးနိုင်မည်ဖြစ်ကြောင်း သိရသည်။
တံတားစီမံကိန်းတွင် အဓိကကန်ထရိုက်တာအဖြစ် ကိုရီးယားနိုင်ငံ GS Engineering Group က တာဝန်ယူ တည်ဆောက်ခြင်းဖြစ်ပြီး စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၅၇ ဒသမ ၈၃၃ သန်းကုန်ကျမည်ဖြစ်ကာ အဆိုပါ ကုန်ကျငွေကို ကိုရီးယားနိုင်ငံ EDCS ချေးငွေဖြင့် အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းသတ်မှတ်ကာ နှစ် ၄၀ ချေးငွေဖြင့် တည်ဆောက်နေခြင်းဖြစ်သည်။