ကော့ကရိတ်တွင် တိုက်ပွဲများဆက်ဖြစ်နေပြီး ပြည်သူများသေဆုံးမှုရှိသည့်အပြင် တိုက်ပွဲကြား ပိတ်မိနေ
MT News
မြဝတီကုန်သွယ်ရေးဇုန် တိုက်ခိုက် မီးရှို့ခံရမှုဖြစ်စဥ်တွင် နိုင်ငံ့ဝန်ထမ်းတစ်ဦး၊ အရပ်သားတစ်ဦးသေဆုံးသည့်အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ပါ ကျဆုံးခဲ့ကြောင်း SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ မြဝတီကုန်သွယ်ရေးဇုန်အား မတ် ၂၅ ရက် နံနက် ၆ နာရီခွဲခန့်တွင် KKO(ခွဲထွက်)အဖွဲ့နှင့် PDF များ သည် ကုန်သွယ်ရေးဇုန်၏ အနောက်ဘက် မီတာ ၂၀၀ ခန့်အကွာမှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပတ်ဝန်းကျင်တစ်ဝိုက်တွင် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ KKO အဖွဲ့နှင့် PDF များ တောင်ဘက်သို့ ဆုတ်ခွာထွက် ပြေးသွားခဲ့သည်။ ထိုအဖွဲ့များ၏ လာရောက်ပစ်ခတ် တိုက်ခိုက်မှုကြောင့် ဌာနဆိုင်ရာဝန်ထမ်း ၁ ဦးနှင့် ဒေသခံပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးဒဏ်ရာများ ရရှိခဲ့ကာ ကုန်သွယ်ရေးဇုန် အဆောက်အဦ နှင့် X- Ray စက်တို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော နေရာများသို့ ရည်ရွယ်ချက်ရှိစွာဖြင့် အကြမ်းဖက်တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကို ကျူးလွန်ခြင်းဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် တုန့်ပြန်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
လက်ရှိအချိန်တွင် မြဝတီ၌တိုက်ပွဲများမဖြစ်တော့ဘဲ ငြိမ်သက်သွားသော်လည်း ကော့ကရိတ်ချောင်းတောင်စာသင်ကျောင်းအနီးတဝိုက်တွင် မတ်လ ၂၆ ရက် နံနက် ၅ နာရီခွဲမှစတင်ကာ တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။
“ဒီမနက်ကစပြီး ကော့ကရိတ်မှာ ချောင်းတောင်စာသင်ကျောင်းတဝိုက်၊ အာရှပတ်လမ်းတဝိုက်မှာ တိုက်ပွဲဖြစ်နေတာ။ ဒေသခံတွေက နှစ်ဖက်တိုက်ပွဲကြားမှာ ပိတ်မိနေတာပေါ့။ လက်နက်ကြီးကျည်တွေကျလို့ တစ်ဦးသေပြီး ဒဏ်ရာရတာတွေ အိမ်တွေမီးလောင်ပျက်စီးတာတွေလည်းရှိတယ်။ အကုန်လုံးကအိမ်ထဲကအိမ်ပြင်မထွက်ရဲဘဲ ပုန်းနေကြရတော့ အစာရေစာပြတ်လပ်နေတာလည်း ရှိတယ်” ဟု မြဝတီဒေသခံတစ်ဦးက သူဆက်သွယ်သိရှိရမှုကို ပြန်လည်ပြောပြသည်။