MT News
Written by Nay Aung
မတ်လ ၂၅ရက်နေ့က ထိုင်းနှင့်မြန်မာနယ်စပ်ဒေသအနီးမြန်မာနိုင်ငံဘက်ခြမ်းတွင် တပ်မတော်နှင့် PDF၊ KNU ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားခဲ့ရာ ထိုင်းနိုင်ငံသားများနှင့် နိုင်ငံခြားသားများသည် မြဝတီမြို့သို့ သွားရောက်မည့်အစီအစဉ်များကို ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။
PDF၊ KNU ပူးပေါင်းအဖွဲ့ သည် မြဝတီမြို့ အထူးစီးပွားရေးဇုန်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများဖြစ်ပွားလာခဲ့ခြင်းဖြစ်ပြီး ထိုင်းနှင့် မြန်မာနယ်စပ်စစ်ရေးဂိတ်ကို ကုန်ကားများ ဖြတ်သန်းခွင့်မပြုခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ပွဲများကြောင့် မြဝတီမြို့ကို သွားရောက်အလုပ်လုပ်ကိုင်သော အသက် ၅၅ နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသား Mr. Sittinon Muangsuk ဆိုသူ ဒဏ်ရာရခဲ့ပြီးထိုင်းဘက်ခြမ်းတွင် ဆေးကုသနေရကြောင်း သိရသည်။ ထို့ပြင် မြဝတီမြို့တွင် အလုပ်သွားလုပ်သော ထိုင်းနိုင်ငံသားတစ်ဦးဖြစ်သူ Mr. Benz ဆိုသူသည် တိုက်ပွဲများဖြစ်ပွားနေချိန်အတွင်း ထိုင်းနိုင်ငံသို့ ဘေးကင်းစွာပြန်လာနိုင်ခဲ့ကာ မြန်မာနယ်စပ်ဒေသ အခြေအနေများကို ၂ ရက်၊ ၃ ရက်ကြာ စောင့်ကြည့်ရမည်ဟု ပြောသည်။
တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် မြန်မာနိုင်ငံဘက်ခြမ်းသို့ ကုန်စည်ပို့ဆောင်ရန်အဆင့်သင့်ဖြစ်နေသော ကုန် ကားအစီးရေ ၁၅၀ ကျော်သည် ထိုင်းဘက်ခြမ်းတွင် ပိတ်မိနေခဲ့ကြောင်း ထိုင်းသတင်းများကဖော်ပြထားသည်။ ထိခိုက်မှုများဖြစ်ပွားမည်စိုးရိမ်သောကြောင့် မြန်မာအစိုးရတာဝန်ရှိသူများသည် ထိုင်းကုန်ကားများကို နယ်စပ်စစ်ဆေးရေးဂိတ် ဖြတ်သန်းခြင်း ခွင့်မပြုဘဲရှိနေကြောင်း သိရသည်။
Ref -matichon-co