MT News
Written by Nay Aung
ကမ္ဘာတဝှမ်းရှိ နိုင်ငံများအနက် ဘီယာကို ဈေးပေါပေါနှင့်သောက်သုံးနိုင်သော နိုင်ငံများထဲတွင် မြန်မာနိုင်ငံက ထိပ်ဆုံး သုံးနိုင်ငံထဲတွင် ပါဝင်လျက်ရှိနေကြောင်း အမေရိကန်နိုင်ငံ နယူးယောက်မြို့အခြေစိုက် Finder Research ၏ ဖော်ပြချက်များအရ သိရသည်။
အဆိုပါအဖွဲ့သည် ဘီယာဈေးနှုန်းများကို နှိုင်းယှဉ်ပြီးနောက် ကမ္ဘာတဝှမ်းရှိ နိုင်ငံများအနက် နိုင်ငံပေါင်း ၁၇၇ နိုင်ငံထဲတွင် ဘီယာကို ဈေးအနည်းဆုံးဖြင့် သောက်သုံးနိုင်သော နိုင်ငံများစာရင်းကို အဆင့်သတ်မှတ်ဖော်ပြခဲ့ခြင်းဖြစ်ပြီး Finder Research ၏ တွက်ချက်မှုသည် ဘီယာတစ်ပိုင့်ကို ပေးရသောဈေးနှုန်းကို အခြေခံကာ တွက်ချက်ဖော်ပြခြင်းဖြစ်ကြောင်း သိရသည်။
ကမ္ဘာတဝှမ်းရှိနိုင်ငံများထဲတွင် ဘီယာတစ်ပိုင့်ကို ဗြိတိန်နိုင်ငံသုံးငွေကြေး တစ်ပေါင်အောက်ဖြင့် သောက်သုံး၍ရသော မြို့ပေါင်း ၁၆ မြို့ရှိနေပြီး ယင်းမြို့များထဲတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့ပါဝင်လျက်ရှိနေကြောင်း သိရသည်။
Finder Research ၏ ဖော်ပြချက်အရ ဘီယာကို ဈေးအနည်းဆုံးနှုန်းဖြင့် သောက်သုံးနိုင်သော နိုင်ငံများနှင့်မြို့များထဲတွင် ဥဇဘက်ကစ္စတန်နိုင်ငံ တာ့ရှ်ကန့်မြို့၊ ဆီရီယာလီနွန်နိုင်ငံ ဖရီးတောင်းမြို့နှင့် မြန်မာနိုင်ငံရန်ကုန်မြိုတို့က ထိပ်ဆုံးတွင်ရှိနေကြောင်း သိရသည်။
၂၀၂၂ ခုနှစ်အတွင်း ရန်ကုန်မြို့တွင် ဘီယာတစ်ပိုင့်ကို ပေါင်( ၀ ဒသမ ၇၅) နှုန်းဖြင့် သောက်သုံးနိုင်ပြီး ပြီးခဲ့သောနှစ်နှင့်နှိုင်းယှဉ်လျှင် ဘီယာဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင်ဘီယာတစ်ပိုင့်ကို ၂၀၂၀ က ပေါင် (၀ ဒသမ ၉၂) ၊ ၂၀၂၁ ခုနှစ်က ဘီယာတစ်ပိုင့်ကို (၀ ဒသမ ၇၂)၊ ၂၀၂၂ ခုနှစ်က(၀ ဒသမ ၇၅)နှုန်းဖြင့် သောက်သုံးနိုင်ခဲ့ကြောင်း သိရသည်။
ကမ္ဘာတဝှမ်းရှိ နိုင်ငံနှင့် မြို့များအနက် ဘီယာကို ဈေးအကြီးဆုံးနှုန်းဖြင့် သောက်သုံးရသော မြို့များထဲတွင် ကာတာနိုင်ငံ ဒိုဟာမြို့၊ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၊ အိုမန်နိုင်ငံ မူစကက်မြို့၊ ဘာရိန်းနိုင်ငံ မာနာမာမြို့၊ အိုက်စ်လန်းနိုင်ငံ ရေးဂျဗစ်မြို့တို့ ရပ်တည်နေကြောင်း Finder Research ၏ ဖော်ပြချက်အရ သိရသည်။
Ref ——- mirror