MT News
Written by Nay Moe
မတ်လ ၂၅ ရက်က KKO ခွဲထွက်နှင့် PDF ပူးပေါင်းအဖွဲ့များက မြဝတီကုန်သွယ်ရေးဇုန်တိုက်ခိုက်ခံရမှုတွင် အရပ်သားတစ်ဦး၊ အကောက်ခွန်ဝန်ထမ်းတစ်ဦးသေဆုံးပြီး ရဲတပ်ဖွဲ့ဝင်သုံးဦးကျဆုံးကာ အလောင်းများကို မီးပုံရှို့ခဲ့သည်ဟု SAC သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
မြဝတီကုန်သွယ်ရေးစခန်းသည် ကရင်ပြည်သူလူထုသာမက မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ၏ အဓိက ကုန်သွယ်ရာနယ်စပ်စခန်းလည်းဖြစ်သည့်အတွက် ထိုသို့သော ကုန်စည်စီးဆင်းမှုအတွက် အဓိကကျသော စခန်းလမ်းကြောင်းကို ဖျက်ဆီးတိုက်ခိုက်ခြင်းမှာ အလွန်မိုက်မဲသော လုပ်ရပ်၊ အကြမ်းဖက်လုပ်ရပ်သာ ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝေဖန်သည်။
“ကုန်သွယ်ရေးဇုန် အဆောက်အဦနဲ့ X Ray စက်တွေကို မီးရှို့ဖျက်ဆီးသွားတယ်။ ပြီးရင် ဒီကုန်သွယ်ရေးဇုန်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ခုခံတိုက်ခိုက်ခဲ့တယ်။ အဲဒီမှာ ရဲတပ်ဖွဲ့ဝင်သုံးဦးကျဆုံးခဲ့တယ်။ ပြီးရင် အကောက်ခွန်ဝန်ထမ်းတစ်ဦးကျဆုံးခဲ့တယ်။ အပြစ်မဲ့အရပ်သားတစ်ဦးသေဆုံးခဲ့တယ်။ တချို့သော ရဲတပ်ဖွဲ့ဝင်တွေလည်း အဆက်အသွယ်ပြတ်တောက်နေတာရှိပါတယ်။ ပြီးတော့ သေဆုံးခဲ့တဲ့သူတွေနဲ့ ကျဆုံးခဲ့တဲ့သူတွေ၊ အလောင်းတွေကို မီးရှို့သွားတာကိုလည်း တွေ့ရပါတယ်။ လူမဆန်တဲ့လုပ်ရပ်တွေ စစ်ရာဇဝတ်မှုကျုးလွန်ခဲ့တဲ့လုပ်ရပ်တွေကိုလည်း တွေ့ရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
လက်ရှိတွင် မြဝတီ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် အခြေအနေကို ထိန်းထားနိုင်ပြီး အမှတ် (၁) ချစ်ကြည်ရေးတံတားကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။ သို့သော် အသွားအလာနည်းနေကြောင်းနှင့် မတ်လ ၂၆ ရက် မနက် ၅ နာရီခွဲတွင်လည်း ကော့ကရိတ်မြို့၌ PDF နှင့် KKO ခွဲထွက်အဖွဲ့က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဆောက်လုပ်ရေးရုံးအနီး လက်နက်ကြီးကျည်ကျရောက်ပြီး အသက် ၁၄ အရွယ်ကလေးငယ်တစ်ဦးနှင့် အရပ်သားတစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။ ထို့အတူ အာရှလမ်းမကြီးပေါ်ရှိ ရေပြွန်တံတားကိုလည်း ဖောက်ခွဲဖျက်ဆီးသည့် ဖြစ်စဥ်လည်း ရှိခဲ့ကြောင်း သိရသည်။
မြဝတီကုန်သွယ်ရေးဇုန်တွင် ယခုဘဏ္ဍာနှစ်၌ ဧပြီမှ စက်တင်ဘာလအတွင် ပို့ကုန် ဒေါ်လာ ၁၈၈၆ သန်းကျော်၊ သွင်းကုန်တန်ဖိုးမှာ ကန်ဒေါ်လာ ၁၇၀၁ သန်းကျော် ကုန်သွယ်ထားပြီး မြန်မာဘက်မှ ကုန်သွယ်မှုပိုငွေရရှိနေသည့်နေရာဖြစ်သည့်အပြင် နယ်စပ်ကုန်သွယ်မှုများအားလုံး၏ ၂၂ ဒသမ ၇ ရာခိုင်နှုန်းခန့် ကုန်သွယ်မှုပြုနေသော နေရာဖြစ်ပြီး ပို့ကုန်များမှာလည်း စိုက်ပျိုးရေးပို့ကုန်များသာဖြစ်သဖြင့် ထိုသို့သောနေရာများကို တိုက်ခိုက်မှုမှာ ဒေသဖွံ့ဖြိုးမှုအတွက်သာမက စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သည့် မြန်မာပြည်သူ ၇၀ ရာခိုင်နှုန်း၏ ထမင်းအိုးကို ရိုက်ခွဲခြင်းသာဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။