၂၆. ၃. ၂၀၂၃
Written by Nay Aung
အင်ဒိုနီးရှား ကလီမန်တန်ပြည်နယ် ဘလစ်ပါပန်အရပ်ဒေသရှိ PT Kutai Refinery Nusantara (KRN) ဆိပ်ကမ်းအနီး ရေပြင်တွင် မျောပါနေသော မြန်မာနိုင်ငံသားတစ်ဦး၏ရုပ်အလောင်းကို မတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောသည်။
အဆိုပါရုပ်အလောင်းသည် ထားထက်မောင် အမည်ရှိ မြန်မာနိုင်ငံသား၏ ရုပ်အလောင်းဖြစ်ပြီး ဆိပ်ကမ်းရေပြင်နားတွင်ရပ်ထားသော သင်္ဘော၏ ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း၊ သင်္ဘောသားအချို့က ရေပြင်တွင်မျောနေသော ရုပ်အလောင်းတွေ့ရှိကြောင်း သတင်းပေးခဲ့ပြီးနောက် သွားရောက်စစ်ဆေးခဲ့ကြောင်း အင်ဒိုနီးရှား Semayang Harbor ဒေသရဲတပ်ဖွဲ့က ပြောသည်။
အင်ဒိုနီးရှားရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သော AKP Kasiantoက “ဒီနေ့နံနက်ပိုင်းမှာပျောက်ဆုံးနေတဲ့ မြန်မာနိုင်ငံသားတစ်ဦးရဲ့ရုပ်အလောင်းကို ဆိပ်ကမ်းနားမှာ တွေ့ရှိခဲ့တယ်လို့ သတင်းပေးခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့နဲ့အတူ သွားရောက်ခဲ့တယ်။ သေဆုံးသူ မြန်မာနိုင်ငံသားဟာ အညိုရောင် ရှပ်အင်္ကျီ ဝတ်ဆင်ထားပြီး ရေထဲမျောနေတာကိုတွေ့ရှိခဲ့ပါတယ်။ အဲဒီ မြန်မာနိုင်ငံသားကို ဆယ်ယူပြီး Bhayangkara ဒေသဆေးရုံကို ပို့ဆောင်ခဲ့တယ်” ဟုဆိုသည်။
အင်ဒိုနီးရှားရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံသားသင်္ဘောသားသေဆုံးမှုနှင့်ပတ်သက်ပြီး ၎င်း၏သူငယ်ချင်းများကို စုံစမ်းမေးမြန်းနေကြောင်း သိရသည်။ ထားထက်မောင် သည် ပြီးခဲ့သော မတ်လ ၂၅ရက်နေ့ ညပိုင်းကတည်းက ယင်း၏သင်္ဘောပေါ်မှ ညပိုင်းကတည်းက ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း၊ သင်္ဘောပေါ်ရှိ အခန်းအားလုံးတွင်လိုက်ရှာရာတွင်လည်း မတွေ့ခဲ့ကြောင်း သင်္ဘောဝန်ထမ်းများကပြောသည်။
AKP Kasianto က ” ကျွန်တော်တို့ဟာ သင်္ဘောသားတစ်ဦးပျောက်ဆုံးနေတဲ့သတင်းပေးအကြောင်းကြားစာကို မတ်လ ၂၅ ရက် ညပိုင်းကတည်းကရရှိခဲ့တယ်။ သင်္ဘောပေါ်မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတစ်ဦးဖြစ်တဲ့ နိုင်ငံခြားသားတစ်ဦး အဆက်အသွယ်မရတဲ့အကြောင်း သင်္ဘောတာဝန်ရှိသူတွေ သတင်းပေးခဲ့တာဖြစ်တယ်” ဟုဆိုသည်။
ကိုထားထက်မောင်သည် သင်္ဘောပေါ်မှ ပင်လယ်ထဲသို့ မည်သည့် ပုံစံမျိုး ပြုတ်ကျသေဆုံးခဲ့သလဲဆိုသောအချက်ကို အသေးစိတ်မသိရသေးဘဲ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း Semayang Harbor ရဲတပ်ဖွဲ့ကပြောသည်။
Ref ——-kompas