MT News
Written by Hey Mar
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကွမ်းအုံချောင်းကျေးရွာအနီးတွင် မတ်လ ၂၆ ရက် ညနေ ၄ နာရီ ၃၀ အချိန်ခန့်က ရွှေရည်ဆုဝေ ခရီးသယ်တင်ယာဉ်နှင့်အိမ်စီးကား တစ်စီး တိုက်မှုဖြစ်ပွားပြီး လူသေဆုံးမှုနှင့် ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း ကျောက်တော်မြို့ ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက MT News သို့ ပြောသည်။
ကျောက်တော်ဘက်မှ ထွက်ခွာလာသည့် ရွှေရည်ဆုဝေ ခရီးသည်တင်ယာဥ်နှင့် အပေါက်ဝကျေးရွာဘက်မှ တက်လာသည့် အိမ်စီးကားတို့က လမ်းကွေ့တွင် မျက်နှာချင်း ဆိုင်တိုက်မိသည့်အနေအထားဟု မျက်မြင်အခြေအနေကို သွားရောက်ကူညီကယ်ဆယ်ခဲ့သူက ပြောသည်။
“ဘယ်က မှားလဲတော့ ကျွန်တော်တိတိကျကျမသိပါ။ မြင်တာတော့ မျက်နှာချင်းဆိုင်တိုက်တဲ့ အနေအထားပါ။ အိမ်စီးကားပေါ်က အကိုကတော့ ပွဲချင်းပြီးဆုံးတယ်။ ခရီးသည်တင်ယာဥ်က တုံးလုံးကြီးလဲနေပေမယ့် လူ ၄၀ လောက်ပါတာတောင် အထိအခိုက်နည်းတာ ကံကောင်းတာလို့ ပြောရမယ်။ မိန်းကလေး၂ ဦးပဲ ထိတယ်။ သွားကျိုးတာတစ်ယောက်၊ ပွန်းပဲ့တာ တစ်ယောက်ပါပဲ “ဟု ဖြူစင်မေတ္တာပရဟိတ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ရှင်းပြသည်။
သေဆုံးသူမှာ ကားထဲတွင်ပိညပ်နေသော်လည်း ကူညီကယ်ဆယ်ရေးပစ္စည်းများမပြည့်စုံသဖြင့် လူအားဖြင့်သာ ကြိုးစားထုတ်ယူခဲ့ရကြောင်းနှင့် အလောင်းအား ကျောက်တော်မြို့ ဖြူစင်မေတ္တာပရဟိတအသင်းပိုင် သူနာတင်ယာဥ်ဖြင့် ကျောက်တော်ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။