၂၇. ၃ .၂၀၂၃
Written by Hey Mar
ပဲခူး ရွှေမော်ဓောဗုဒ္ဓပူဇနိယ ဘုရားပွဲ၌ ပင်လယ်ဓားပြ အပျော်စီးရဟတ်စင် စီးနင်းသူအလွန်များ၍ အတက်လမ်းပြိုကျမှုကြောင့် လူ ၁၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး အများစုမှာ ဆယ်ကျော်သက်နှင့် ကလေးငယ်များဖြစ်ကြောင်း ပဲခူးအခြေစိုက် ပရဟိတအသင်းတစ်သင်းမှ တာဝန်ရှိသူတစ်ဦးက MT News မှ မေးမြန်းသည်ကို ပြန်လည်ဖြေကြားသည်။
ဖြစ်စဥ်မှာ ယမန့်နေ့ ၂၆ရက် ည ၇ နာရီအချိန်က ပဲခူးတိုင်း၊ ပဲခူးမြို၏ ရွှေမော်ဓောစေတီတော် ဗုဒ္ဓပူဇနိယဘုရားပွဲ၌ မြေပြင်မှ ၁၀ ပေခန့်အမြင့်တွင်တည်ဆောက်ထားသည့် ပင်လယ်ဓားပြ ရဟတ်စင်၏ အတက်လမ်းဖြစ်သည့် သစ်သားလှေကားထစ်များမှာ အတက်အဆင်း လူအုပ်၏ ဝိတ်ကြောင့် ကျိုးကျပျက်စီးခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ ပရဟိတ အသင်းသားတစ်ဦးထံမှ သိရသည်။
အဆိုပါ တာဝန်ရှိသူမှ “လူတွေကပွဲလမ်းသဘင်မရှိတာလည်း ကြာတော့ ကြိတ်ကြိတ်တိုးပျော်ကြ စီးကြတာ။ အဲဒီမှာ အတက်အဆင်း ဝန်မမျှဘဲ လှေကားနဲ့ စင်ရဲ့ အခင်းကျိုးကြပြီး ဒဏ်ရာတွေ ရကုန်ကြတာ။ ကျွန်တော်တို့ကို ပွဲခင်းက တာဝန်သိပြည်သူက ဖုန်းဆက်ခေါ်လို့ ရောက်သွားတာပါ။ ရဟတ်စင်ဘက်က သူ့တို့ စင်အနောက်မှာပဲ ကုပေးတာ ညှိနှိုင်းတာတွေ လုပ်နေတာပေါ့။ အခြေအနေက ဆိုးတယ်လို့လည်း ပြောလိုရတယ်၊ ခါးကျိုးတဲ့သူ ၊ လက်ပြင် ရိုးကျိုးသူ၊ ပေါင်ကို အောက်က ဘာအချောင်းမှန်းမသိ ထိုးမိလို့ ဒဏ်ရာရသူ၊ တင်ပဆုံရိုးကျိုးသူ ဒါတွေ ကျွန်တော်ကူညီနေတုန်း တွေ့ရတယ်”ဟု ပြောသည်။
လက်ရှိတွင် ပရဟိတယာဥ်သုံးစီးဖြင့် လူနာ ၁၁ ဦးအား ပဲခူးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ပေးခဲ့ရပြီး ပင်လယ် ဓားပြ အပျော်စီးရဟတ်မှ တာဝန်ရှိသူများကလည်း ငွေကုန်ကြေးကျမှအစ တာဝန်ယူဖြေရှင်းကြောင်းလည်း သိရသည်။
“လက်ပြင် စတီးပြားထည့်ရမယ့်လူနာက ကျပ် ၅ သိန်းကုန်မှာကို ဆေးရုံကြီးမှာ ရဟတ်စင်ဘက်က တာဝန်ယူလုပ်ဆောင်ပေးတာတွေ့ရပါတယ်”ဟု ပဲခူးအခြေစိုက်ပရိတ အသင်းတစ်သင်းမှ တာဝန်ရှိသူက ပြောသည်။
ပဲခူးရွှေမော်ဓော ဘုရားပွဲတော်ကို နှစ်စဥ်နှစ်တိုင်း တန်ခူးလဆန်း ၁ ရက်နေ့မှ တန်ခူးလပြည့်ကျော် ၃ ရက်နေ့အထိ ကျင်းပလေ့ရှိပြီး၊ ကိုဗစ်ကပ်ရောဂါကာလအတွင်း မကျင်းပဖြစ်သည်မှာ ၃ နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။ တန်ခူးလပြည့်နေ့သည် ဘုရားပွဲတော်နေ့ဖြစ်ပြီး ပဲခူးမြို့၏ အထင်ကရ ပွဲတော်တစ်ခုလည်း ဖြစ်သည်။