၂၅. ၃. ၂၀၂၃
Written by Tha Doe
SAC အစိုးရအဖွဲ့အနေဖြင့် တိုင်းပြည်အတွက် စေတနာထား၍ ဆောင်ရွက်ခဲ့မှုကြောင့် နိုင်ငံ၏ ဂျီဒီပီများတိုးတက်လာခဲ့သည်ဟု SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။
၂၀၂၀ ပြည့်နှစ် ကိုဗစ် – ၁၉ ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ နိုင်ငံ့စီးပွားရေးသည် တဖြည်းဖြည်းကျဆင်းလာခဲ့ပြီး ယခင်အစိုးရလက်ထက်တွင် ပြည်တွင်းစီးပွားရေးအားပေးမှုနှင့် စီမံခန့်ခွဲရေးပိုင်းတို့တွင် အားနည်းခဲ့ခြင်းကြောင့် ၂၀၂၀- ၂၀၂၁ ခုနှစ်ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ၏ ဂျီဒီပီသည် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ထိုသို့ ဖြစ်ပေါ်နေသည့် အခက်အခဲများကြားမှ SAC အစိုးရ တာဝန်ယူဆောင်ရွက်ချိန်တွင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အောက်တိုဘာမှ မတ်လအထိ ပထမခြောက်လပတ် ကာလတွင် နိုင်ငံ၏ဂျီဒီပီမှာ ၂ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။ ထိုသို့ အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းမှ အပေါင်း ၂ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်လာခြင်းမှာ နိုင်ငံ၏ စီးပွားရေးတိုးတက်လာခြင်းပင်ဖြစ်ကြောင်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့ပြီး ဆက်လက်ပြီးတိုးတက်မှုများရှိမည်ဟု ဘဏ္ဍာရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ခန့်မှန်းထားကြကြောင်း၊ ထိုသို့နိုင်ငံ၏ ဂျီဒီပီများတိုးတက်လာခြင်းသည် မိမိတို့အစိုးရအနေဖြင့် တိုင်းပြည်အတွက်စေတနာထား၍ ဆောင်ရွက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
၂၀၂၁ ခုနှစ် အာဏာအငြင်းပွားမှုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ပြိုလဲမည့်အန္တရာယ်ရှိနေကြောင်း ကမ္ဘာဘဏ်က ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တွင် ပြောကြားခဲ့မှုများ ရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၀ ရက် ထုတ်ပြန်ချက်တွင်မူ မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP)တိုးတက်နှုန်းသည် ၂၀၂၂ ခုနှစ်တွင် ၃ ရာခိုင်နှုန်းရှိပြီး ၂၀၂၃ ခုနှစ်တွင်လည်း ၃ ရာခိုင်နှုန်း တိုးတက်နိုင်သည်ဟု ကမ္ဘာ့ဘဏ်၏အစီရင်ခံစာတွင် ခန့်မှန်းဖော်ပြခဲ့သည်။