၂၅. ၃. ၂၀၂၃
Written by Myo Khine
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရထားသံလမ်း၌ အရက်မူး၍ အိပ်နေသူတစ်ဦး ရထားကြိတ်ခံရကာ ခြေထောက်နှစ်ဖက်ပြတ်သွားမှု ဖြစ်ပွားခဲ့ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေရှင်း တာဝန်ရှိသူများက MT News သို့ ပြောသည်။
ထိုဖြစ်စဥ်မှာ ယနေ့ မတ်လ ၂၅ ရက် နံနက် ၁၀ နာရီခွဲခန့်က စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်၊ သတ္တဌာနလမ်းနှင့် ရထားလမ်းဖြတ်ကူးသည့် နေရာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ရထားကြိတ်ခံရသောကြောင့် လက်ယာဘက်ပေါင် ဒူးခေါင်းအထက်ပိုင်း ပြတ်ထွက်ဒဏ်ရာ၊ လက်ဝဲဘက်ဒူးခေါင်းအောက် ပြတ်ထွက်ဒဏ်ရာ၊ လက်ဝဲဘက်နဖူး ပေါက်ပြဲဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ ရထားကြိတ်ခံရသူမှာ အသက် ၄၈ နှစ်အရွယ် ထွန်းထွန်းနိုင် ဆိုသူဖြစ်ကြောင်း သိရသည်။
“သူက စစ်တွေကပဲ။ ရဲနွယ်စုရပ်ကွက်မှာနေတာ။ အခု စစ်တွေဆေးရုံကြီးကို ပို့ထားပါတယ်။ အရက်မူးပြီး အိပ်နေတာလေ။ ရထားက စစ်တွေဘူတာကနေ ပြည်တော်သာဘူတာကို မောင်းလာတာ။ ဖိုးသာရပ်ကွက်ကို ရောက်တဲ့အချိန်မှာ သူက အိပ်နေတာကို တက်ကြိတ်မိတယ်လေ။ ကျောက်တင်ထားတဲ့ ရထား။ အဲဒီရထားက ကြိတ်မိတာ။ ဒဏ်ရာက များတယ်။ အခြေအနေမကောင်းဘူး”ဟု လိုက်ပါကူညီသူတစ်ဦးက ပြောသည်။
အဆိုပါ စစ်တွေမြို့ရှိ ပြည်တော်သာ-ရေချမ်းပြင်ရထားလမ်းပိုင်းကို ၂၀၁၉ ခုနှစ်က ယာယီရပ်ဆိုင်းခဲ့ကာ ၂၀၂၂ ခုနှစ် မတ်လ ၂၄ ရက်တွင် ပြန်လည်ပြေးဆွဲခဲ့ခြင်း ဖြစ်သည်။