၂၅. ၃. ၂၀၂၃
Written by Nyein Kyaw
ယနေ့ နေလည်ပိုင်းတွင် ကြည့်မြင်တိုင် ငှက်ပျောဈေးအနီးရှိ မြစ်အတွင်း ပုပ်ပွနေသည့် အမျိုးသားရုပ်အလောင်းပေါ်လာ၍ ဆယ်ယူရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ရုပ်အလောင်းအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း လင်းလက်လူမှုကူညီရေးအသင်းမှ သိရသည်။
ဖြစ်စဥ်မှာ မတ်လ ၂၅ ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ငှက်ပျောဈေးအနီးရှိ မြစ်အတွင်း လွန်ခဲ့သည့် သုံး၊ လေးရက်အတွင်းက သေဆုံးထားသည့် အမျိုးသားရုပ်အလောင်း ပေါ်လာခဲ့ဖြင့် လင်းလက်လူမှုကူညီရေးအသင်းမှ သွားရောက်ဆယ်ယူခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
“အလောင်းကတော့ ပုပ်ပွနေပြီ။ ကျွန်မတို့ခန့်မှန်းခြေကတော့ လေး၊ ငါးရက်တော့ရှိပြီ။ ကျွန်မတို့ကို အကြောင်းကြားပြီးခေါ်တဲ့အချိန်က ဒီနေ့ နေ့လည် ၁၂ နာရီမှာပေါ့။ ဘယ်နှစ်ရက်ဆိုပြီး သိတာတွေတော့ရှိတယ်။ အခုဟာက ပုပ်ပွနေတာဆိုတာ လေး၊ ငါးရက်လောက် မှန်းထားတာက Body အခြေအနေကို ကြည့်ပြီးတော့ပေါ့” ဟု လင်းလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သေဆုံးအမျိုးသားမှာ မည့်သည့်ဖြစ်စဥ်ကြောင့် ရေနစ်သေဆုံးခဲ့ရခြင်းကို သိရှိရခြင်းမရှိသေးကြောင်းနှင့် သေဆုံးအမျိုးသား၏ နေရပ်လိပ်စာနှင့် မည်သူဖြစ်ကြောင်းကိုမူ လက်ရှိအချိန်အထိ မသိရှိရသေးကြောင်း သိရသည်။