၂၅. ၃. ၂၀၂၃
Written by Nay Aung
မြန်မာအာဏာပိုင်များအနေဖြင့် တရုတ်နိုင်ငံသားများကို တရားမဝင်နယ်စပ်ဖြတ်သန်းလာစေရန် မက်လုံးပေး ဆွဲဆောင်ခေါ်နေသော အွန်လိုင်းလောင်းကစားဂိုဏ်းများ၊ အွန်လိုင်းလိမ်လည်မှုဂိုဏ်းများကို ဖြိုခွင်းပေးစေလိုကြောင်း တရုတ်အစိုးရက တိုက်တွန်းတောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်းသည် ပြီးခဲ့သောရက်ပိုင်းက မြန်မာပြည်ထဲရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးချိန်အတွင်း အွန်လိုင်းမှတစ်ဆင့်လိမ်လည်မှုများ ကျူးလွန်နေသောဂိုဏ်းများကို ဖြိုခွင်းနိုင်ရန် ပိုမိုကူညီပေးစေလိုကြောင်း တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအတွင်းသို့ တရုတ်နိုင်ငံသားများ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများ မကြာခဏဖြစ်ပွားနေရာ မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားဂိုဏ်းများကဲ့သို့သော တရားမဝင်အဖွဲ့စည်းများနှင့် ဆက်နွယ်နေကြောင်း တရုတ်သံအမတ်ကြီးက ပြောခဲ့သည်။
မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းအသုံးပြုကာ လိမ်လည်မှုကျူးလွန်နေသောအဖွဲ့အစည်းများ၊ ရာဇာဝတ်ဂိုဏ်းများသည် တရုတ်နိုင်ငံသားများကို မြင့်မားသောလစာရမည်ဟု မက်လုံးပေးကာ စည်းရုံးသိမ်းသွင်းပြီး မြန်မာနိုင်ငံဘက်ခြမ်းသို့ တရားမဝင် ဖြတ်သန်းဝင်ရောက်ရန် လုပ်ဆောင်နေကြောင်း သံအမတ်ကြီး ချန်ဟိုင်းကပြောသည်။
တရုတ်နိုင်ငံရှိရဲများသည် တရုတ်နိုင်ငံသားများကို အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုကျူးလွန်နေသောအုပ်စုများ၏ရန်ကို သတိထားစေလိုကြောင်း တိုက်တွန်းပြောဆိုထားသည်။ တရားမဝင်လှုပ်ရှားနေသော ဂိုဏ်းအဖွဲ့များသည် နယ်စပ်ဒေသတည်ငြိမ်ရေး၊ တရုတ်ပြည်သူများ၏ အကျိုးစီးပွားနှင့် ဘေးကင်းလုံခြုံမှုများကို ထိခိုက်ရန် လုပ်ဆောင်နေကြောင်း တရုတ်သံအမတ်ကြီးက ထုတ်ဖော်ပြောဆိုလိုက်သည်။
မြန်မာအစိုးရအနေဖြင့် ရာဇာဂိုဏ်းများ၏ တရားမဝင်လှုပ်ရှားမှုများကြောင့် ထိခိုက်နစ်နာမှုများကို နားလည်သင့်သလို အရေးယူဆောင်ရွက်သင့်ကြောင်း၊း တရုတ်သံအမတ်ကြီးကပြောသည်။ သံအမတ်ကြီး ချန်ဟိုင်းက မြန်မာနိုင်ငံအနေဖြင့် ရာဇာဝတ်ဂိုဏ်းများ၏လှုပ်ရှားမှုများကို တိုက်ဖျက်ရန် တရုတ်နိုင်ငံနှင့်အတူ ပူပေါင်းဆောင်ရွက်စေလိုကြောင်း ပြောသည်။
စီချွန်ဒေသမှ အသက် ၁၅ နှစ်အရွယ်ရှိ တရုတ်နိုင်ငံသားတစ်ဦးသည် မြင့်မားသောလစာရမည်ဟု မက်လုံးပေး ဆွဲဆောင်ခံရပြီးနောက် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့ရာ တစ်လကျော်ကြာ ပျောက်ဆုံးခဲ့ရကြောင်း တရုတ်မီဒီယာများက ဖော်ပြထားသည်။
ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က မြန်မာနိုင်ငံအနေဖြင့် တရားမဝင် လှုပ်ရှားနေသော ရာဇာဝတ်ဂိုဏ်းများကို ဖြိုခွင်းနိုင်ရန် တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟုလည်း တရုတ်သတင်းဌာနများ က ဖော်ပြခဲ့သည်။
Ref – south china morning post