၂၅. ၃. ၂၀၂၃
Written by Ye Kyaw
တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အား သွယ်တန်းခြင်းလုပ်ငန်းများကို လာမည့် ၂၀၂၄ ခုနှစ်တွင် စတင်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောကြားသည်။
တရုတ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုကို လေ့လာနိုင်ရန် တရုတ်နိုင်ငံ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ ကူမင်းမြို့နှင့် ပေကျင်းမြို့များသို့ သွားရောက်လေ့လာစဥ် ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောကြားခဲ့ခြင်းဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက မတ်လ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။
“တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အား သွယ်တန်းခြင်းလုပ်ငန်းများကိုလည်း ၂၀၂၄ ခုနှစ်တွင် ရရှိစေရန် ကြိုးပမ်းဆောင်ရွက်နေသဖြင့် လိုအပ်တာများကို ဆက်လက်ကူညီပံ့ပိုးပေးစေလိုတယ်” ဟု ဦးသောင်းဟန်က ပြောကြားသည်။
တရုတ်နှင့် မြန်မာနယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းသွယ်တန်းမှုစီမံကိန်းသည် China-Myanmar Economic Corridor Cooperation ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် တရုတ်နိုင်ငံ၊ လာအိုနိုင်ငံတို့နှင့် နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းမှုစီမံကိန်းများရှိသည်ဟု သိရှိရသည်။
အိမ်နီးချင်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို နယ်စပ်ဖြတ်ကျော်၍ လျှပ်စစ်ဓာတ်အား မျှဝေပေးလိုခြင်းသည် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုပြဿနာရပ်ကို ဖြေရှင်းနိုင်ရန် အလွန်ကောင်းမွန်သည့် အဖြေတစ်ခုဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ၂၀၂၂ ခုနှစ် ဧပြီ ၂၁ ရက်တွင် ပြည်ပမီဒီယာများနှင့်တွေ့ဆုံမေးမြန်းမှုတွင် People’s Daily သတင်းဌာနက ထင်မြင်ချက်တောင်းခံရာတွင် ပြန်လည်ဖြေကြားထားသည်။
ထို့ပြင် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ လျှပ်စစ်ဓာတ်အားလိုင်းသွယ်တန်းမှု စီမံကိန်းဆွေးနွေးပွဲများလည်း ပြုလုပ်လျက်ရှိပြီး၊ တရုတ်နိုင်ငံနှင့် စီမံကိန်းဆောင်ရွက်ရန် အဓိကဆောင်ရွက်လျက်ရှိကာ နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်းဖြန့်ဝေမှုမှ လျှပ်စစ်ဓာတ်အားလက်ခံရရှိမည်ဖြစ်ကြောင်း သိရသည်။