MT News
MT News
နာမည်ကျော် ဥပဒေပညာရှင် ဦးမင်းတေဇညွန့်တင် သန်လျင်မြို့နယ်တွင် ယမန်နေ့ မတ်လ ၂၄ ရက် နေ့လည်ပိုင်းက လုပ်ကြံသ-တ်ဖြတ်ခံရပြီး ဆေးရုံသို့တင်ပို့စဥ် ကွယ်လွန်သွားခဲ့ကြောင်း MT News သတင်းဌာနက စုံစမ်းသိရသည်။
“သူက အစိုးရနဲ့လည်း နီးစပ်တဲ့ အကြံပြုတဲ့သူမဟုတ်ပါဘူး။ မနက်ဖြန် သူ့သားရှင်ပြုရှိတာကို ရှင်ပြုမဖြစ်အောင် တမင်လုပ်တာ။ မိုက်ရိုင်းတာ” ဟု မိတ်ဆွေတစ်ဦးက မတ်လ ၂၄ ရက်က ပြောသည်။
ဖြစ်စဥ်မှာ မတ်လ ၂၄ ရက် ၁၂ နာရီ ၃၅ မိနစ်ခန့်အချိန်က သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ဖွံ့ဖြိုးရေးလမ်း (ဖွံ့ဖြိုးရေး လမ်းဆုံအနီး)၌ အမျိုးသား (၁)ဦး သေနတ်ဖြင့် ပစ်ခတ်ခံရမှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စိစစ်ခဲ့ရာ ဥပဒေအကြံပေး ဦးမင်းတေဇညွန့်တင်(၅၂)နှစ်သည် SUZUKI EXTIGA အညိုရောင်ယာဉ်ဖြင့် နေအိမ်သို့ ပြန်လာစဉ် ဖွံ့ဖြိုးရေးလမ်းဆုံအနီး အရောက်၌ လမ်းလျှောက်လာသည့် လူ(၂)ဦး (စိစစ်ဆဲ)မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးမင်းတေဇညွန့်တင်၌ ဝဲဘက်လက်ဖျံ ထိမှန်ဒဏ်ရာ (၃)ချက်၊ ယာဘက် လက်ဖျံ ထိမှန်ဒဏ်ရာ (၃)ချက်၊ ယာလက်ခုံ ထိမှန်ဒဏ်ရာ (၂)ချက်၊ ဝဲဘက် နံဘေး ထိမှန်ဒဏ်ရာ (၁)ချက်၊ ဝဲဘက်ခါးစောင်း ထိမှန်ဒဏ်ရာ (၂)ချက်၊ ကျောကုန်း ထိမှန်ဒဏ်ရာ (၂)ချက်(စိုးရိမ်ရ)တို့ ရရှိခဲ့သည်။
ပစ်ခတ်မှု ဖြစ်ပွားသည့်နေရာမှ SIG SAUER ကျည်အိမ် (၁)ခု၊ 9 MM USA LUGER ကျည်ခွံ (၁၄)ခု၊ ကျည်(၁) တောင့်နှင့် ကျည်ထိပ်ဖူး (၁)ခု တို့အား တွေ့ရှိခဲ့ပြီး ဒဏ်ရာရရှိသူ ဦးမင်းတေဇညွန့်တင်အား သန်လျင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ရရှိဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်းနှင့် တရားခံဖမ်းဆီးရမိရေး ပူးပေါင်းအဖွဲ့ဖြင့် ပိတ်ဆို့ရှာဖွေ စိစစ်လျက်ရှိကြောင်း ကနဦးသိရသည်။
အဆိုပါ သတ်ဖြတ်မှုဖြစ်စဥ်ကို Urban Owls မြို့ပြပြောက်ကျားတပ်ဖွဲ့က လုပ်ကြံခဲ့ခြင်းဖြစ်ပြီး Biz Law Consult Myanmar ၏ CEO ဦးမင်းတေဇညွန့်တင်မှာ PDF များကို ထောင်ချနေသည့် ဆွဲချဖြစ်ကြောင်း လွဲမှားစွာ စွပ်စွဲထားကာ ထားဝယ်အထူးစီးပွားရေးဇုန်၏ ဥပဒေအကြံပေးဖြစ်ကြောင်း၊ ယခင်လေတပ်ချုပ် ငြိမ်း ဗိုလ်ချုပ်ကြီးမြတ်ဟိန်းနှင့် အလွန်ရင်းနှီးကြောင်း၊ တပ်မိသားစုဝင်များ၏ ပိုင်ဆိုင်မှုများကိုပြည်ပသို့ရွှေ့ပေးနေ၍လုပ်ကြံခြင်းဖြစ်ကြောင်း စသည်ဖြင့်လည်း စွပ်စွဲထားသည်။