MT News
Written by Nay Aung
ထိုင်းနိုင်ငံအတွင်းမှ ဆိုင်ကယ်များကိုခိုးယူပြီး အိမ်နီးချင်းနိုင်ငံများထံ ပြန်ရောင်းချနေသောအဖွဲ့တွင် ပါဝင်သော မြန်မာနိုင်ငံသား ၄ ဦးနှင့် ထိုင်းနိုင်ငံသားကြားပွဲစားနှစ်ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။
ထိုင်းရဲတပ်ဖွဲ့အကြီးအကဲတစ်ဦးဖြစ်သူ ရဲချုပ် Noppasin Poolsawat ဦးဆောင်သော ရဲတပ်ဖွဲ့သည် မတ်လ ၂၃ ရက် နေ့လည်ပိုင်းတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တရားရုံး၏ ဖမ်းဝရမ်းအရ ဆိုင်ကယ်ခိုးမှုများကျူးလွန်နေသူအဖြစ် သံသယရှိနေသော မြန်မာနိုင်ငံသား ၄ ဦးကို ကနဦးဖမ်းဆီးခဲ့ကြောင်း သိရသည်။
ချင်းမိုင်မြို့တွင် Honda Wave အမျိုးအစား ဆိုင်ကယ် ၁၀ စီးနှင့် Toyota sedan အစိမ်းရောင်ကားတစ်စီး ခိုးယူခံရမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့ရာခိုးယူမှုများကျူးလွန်သူများအဖြစ် သံသယရှိသော အသက် ၂၈နှစ်အရွယ်ရှိ ရဲထက်အောင်၊ ခိုင်ထူး၊ ဆူရက်မိုဟာမက်၊ စီဝက်မူဟာမက်အမည်ရှိ မြန်မာနိုင်ငံသား ၄ ဦးကို ၎င်းတို့ငှားရမ်းနေထိုင်နေသော ဘန်ကောက်မြို့ရှိ Tha Kham အရပ်ရှိ ငှားရမ်းနေထိုင်နေသာအခန်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။ ခိုးယူသူများအားလုံးသည် ကားနှင့်ဆိုင်ကယ်များ ခိုးယူမှုကို ဝန်ခံထားပြီး ထိုင်းကြားပွဲစားမှတစ်ဆင့် ခိုးယူထားသောပစ္စည်းများကို အိမ်နီးချင်းနိုင်ငံများသို့ ရောင်းချရန်ကြိုးပမ်းခဲ့ကြောင်း ထိုင်းရဲချုပ်ကပြောသည်။
အဆိုပါ မြန်မာနိုင်ငံသားများသည် ဆိုင်ကယ်များနှင့်ကားများကို ခိုးယူပြီးနောက် ထိုင်းနိုင်ငံသားကြားပွဲစား၏အကူအညီဖြင့် အိမ်နီးချင်းနိုင်ငံများသို့ ပစ်ကပ်ကားဖြင့်တင်ဆောင်ခဲ့ကြောင်း ဝန်ခံပြောဆိုထားသည်။ ထိုင်းရဲတပ်ဖွဲ့သည် ခိုးရာပါပစ္စည်းများရောင်းချနိုင်ရန်ကူညီခဲ့သူ ထိုင်းနိုင်ငံသားနှစ်ဦးကိုလည်း ထပ်မံဖမ်းဆီးခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံသားကြားပွဲစားများက ခိုးယူထားသောဆိုင်ကယ်များကို ထိုင်းဘတ် ၇၀၀၀ နှင့် ၂၀၀၀၀ ကြားဖြင့် ပြန်လည်ရောင်းချခဲ့ကြောင်း ထွက်ဆိုထားသည်။
Ref — thai dailynews